Wednesday, May 8, 2013

မွေး/ရေဘဏ်အား မြန်မာ့ရတနာဘဏ် လီမိတက် နာမည်သစ်သို့ ပြောင်းလဲမည်


မူလ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အား မြန်မာ့ရတနာ ဘဏ်လီမိတက်(Treasure Bank of Myanmar Ltd) အမည်သစ်သို့ ပြောင်းလဲမည် ဖြစ်ကြောင်း မေ(၅)ရက်၊ မွန်းလွဲ(၁)နာရီတွင် ကျင်းပသော အဆိုပါ ဘဏ်၏ ဒါရိုက်တာအဖွဲ့၏ စုံညီအစည်းအဝေး (၁၂/၂၀၁၂-၂၀၁၃) တွင် သဘောတူ ဆုံးဖြတ် လိုက်ကြောင်း သိရသည်။



မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်း ဘဏ်ကို (၁၉၉၆)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့စွဲပါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုင်စင် အမှတ်မဗဘ/ပီ-၁၅/(၂) ၉၆ဖြင့် စတင်ဖွဲ့စည်းခဲ့ ကြောင်း၊ထိုအချိန်အခါက ဘဏ်၏ မတည်ငွေရင်းတွင် ကျပ်သန်းပေါင်း(၂၀၀၀) သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံတော်၊ ဗဟိုဘဏ်၏ ဝန်ထမ်း သက်သာ ရန်ပုံငွေမှ ငွေကျပ် သန်းပေါင်း (၁၀၀၀)ကို ခေတ္တ ချေးငှား မတည်ခဲ့ကြောင်း၊ အဆိုပါငွေတွေကို (၂၀၀၄)ခုနှစ် ဧပြီလ တွင် အရင်းရော/ အတိုးပါ အပြေအကျေ ပြန်လည်ပေးဆပ်ခဲ့ပြီး ဖြစ်ကာ အများပိုင်ဘဏ် (Public Bank Ltd)အဖြစ် ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဏ် စတင်ဖွင့် လှစ်စဉ်တွင် ရန်ကုန်ရုံးချုပ်နှင့် ဘဏ်ခွဲ(၃)ခုသာ ရှိခဲ့သော်လည်း ယခုနှစ် မေ(၅)ရက်တွင် ရန်ကုန်ရုံးချုပ် အပါအဝင် ဘဏ်ပေါင်း(၆၀) တိတိ ဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက် တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း(၂၀၁၂- ၂၀၁၃) ဘဏ္ဍာရေးနှစ်တွင် ဘဏ်၌ အပ်ငွေ အမျိုးအစား အလိုက် ကျပ်သန်း ပေါင်း (၃၆၇၅.၃၈) ရှိနေပြီဖြစ်ကြောင်း မေလ (၇) ရက်နေ့ထုတ် နေ့စဉ် သတင်းစာများတွင် အဆိုပါ ဘဏ်၏ ကြေညာချက် အရ သိရသည်။
 

0 comments: