Wednesday, May 8, 2013

သင်္ဘော ၀မ်းဗိုက်အတွင်းသို့ သန့်ရှင်းရေးပြုလုပ်ရန် ၀င်ရောက်ရာမှ လူ(၃)ဦးသေဆုံး

၂၀၁၃ ခုနှစ် မေလ (၇)ရက်နေ့ နံနက်(၀၉၃၀) နာရီအချိန်  မြိတ်မြို့ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်း (သဲကွင်း) အရှေ့ ရေပြင်တွင် ဆိုက်ကပ်ထားသည့် သစ်ထုတ် လုပ်ကွက်များမှ သစ်များအား အငှားတင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် ကျောက်ချရပ်နား ထားသော  ''သူရိယစန္ဒာဝင်း'' ကုမ္ပဏီပိုင် '' MV ဇ၀န '' အမည်ရှိ တွန်းသင်္ဘောနှင့် တွဲလျက် '' BARGE – 11 Singapore  '' ကုန်တင်သင်္ဘော (သံခွံအလွတ်)၌ သင်္ဘောသားများ သန့်ရှင်းရေး ပြုလုပ်စဉ် သင်္ဘောဝမ်းဗိုက်အတွင်း ဆင်းပြီး သန့်ရှင်းရေး ပြုလုပ်ရာမှ အသက်ရှု မွန်းကြပ်ပြီး လူ(၃) ဦးသေဆုံးကာ (၁)ဦးမှာ အတွင်းလူနာအဖြစ် မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

ထိုသို့ အသက်ရှု မွန်းကြပ်ပြီး သေဆုံးသွားသူများမှာ ဒုရေယာဉ်မှူး ဇင်ကိုဦး (ခ) ကြက်ဖ ၊ အသက် (၂၄)နှစ်၊ မင်းဘောရွာ ၊ မအူပင်မြို့နယ်၊ သင်္ဘောသားခေါင်းဆောင် ကျော်မြင့်(ခ) ကျော်ကျော်မြင့် ၊ လက်ပံတန်းမြို့၊ သင်္ဘောဆီလောင်း သန်းထိုက်အောင် (၃၂)နှစ်၊ တောင်ပလူ ကျေးရွာ ၊ ချောက်မြို့ နေသူတို့ ဖြစ်ပြီး အတွင်းလူနာအဖြစ် ကုသခံရသူမှာ သင်္ဘောသား ၀င်းထွန်း (၂၈)နှစ်၊ ဖိုးရာဝဲ ကျေးရွာ၊ မအူပင်မြို့နယ်၊ မြို့နယ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ  BARGE – 11 Singapore ကုန်တင် သင်္ဘောမှ  သင်္ဘောရေယာဉ်မှူး ဦးရဲရွှေပါ (၁၅)ဦးတို့သည် မေလ၊ (၇)ရက်နေ့ (၀၇၃၀)အချိန်မှစ၍ သင်္ဘော အတွင်း/ အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သင်္ဘောဝမ်းဗိုက် အတွင်းရှိ ရေလုံခန်း(၂၈)ခန်းအနက် သင်္ဘော ဘယ်ဘက် (၅)နံပါတ်မြောက် အခန်းအား သန့်ရှင်းရေး ဆောင်ရွက်ရန် အတွက် ဒုရေယာဉ်မှူး ဇင်ကိုဦး(ခ)ကြက်ဖမှ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ရောက်ရှိစဉ် လဲကျ သွားသည်ကို သင်္ဘော ကုန်းပတ်ပေါ်တွင် ရှိနေသည့် သင်္ဘောသား ခေါင်းဆောင် ကျော်မြင့်(ခ) ကျော်ကျော်မြင့် ကူညီရန်အတွက် သင်္ဘောဝမ်းဗိုက်အတွင်းသို့ ဆင်းသက်စဉ်  ထပ်မံ၍ လဲကျသွား သဖြင့် တတိယမြောက် သင်္ဘောသား ၀င်းထွန်း(၂၈)နှစ်၊ မှ ကူညီရန်အတွက် သင်္ဘောဝမ်းဗိုက် အတွင်းသို့ ထပ်မံ၍ ရောက်ရှိစဉ် လဲကျသွားသဖြင့် စတုတ္ထ သင်္ဘောဆီလောင်း သန်းထိုက်အောင်(၃၂)နှစ် မှ သတိလစ် လဲကျနေသူ (၃)ဦးအား ကယ်ဆယ်ရန် အတွက် ကြိုးနှင့်အတူ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ရောက်ရှိပြီးနောက် လဲကျနေသူ သင်္ဘောသား ၀င်းထွန်းအား အပေါ်သို့ဆွဲတင်ရန် အတွက် ကြိုးချည်ပြီးချိန်တွင် သန်းထိုက်အောင်မှာ လဲကျသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လေးဦးစလုံး ရေလုံခန်းတွင် လဲကျနေစဉ်  သင်္ဘောကုန်းပတ်ပေါ်တွင် အသင့်ရှိနေသော စက်ဆရာ ဇော်လွင်၊ သင်္ဘောသား နိုင်လင်း၊ ဆီလောင်း အေးမျိုးနိုင်တို့မှ ၀င်းထွန်းအား သင်္ဘောဝမ်းဗိုက်အတွင်းမှ ကုန်းပတ်ပေါ်သို့ ရောက်ရှိအောင် ဆွဲတင်ခဲ့ပြီးနောက် စက်ဆရာ ဇော်လွင်မှ ''MV ဇ၀န'' အမည်ရှိ တွန်းသင်္ဘောတွင် တပ်ဆင်ထားသော အောက်ဆီဂျင်ပေးသည့် ကိရိယာတပ်ဆင်ကာ သင်္ဘောဝမ်းဗိုက် အတွင်းသို့ ဆင်း၍ လဲကျနေသော သန်းထိုက်အောင်၊ ကျော်မြင့်(ခ) ကျော်ကျော်မြင့်နှင့် ဇင်ကိုဦး(ခ) ကြက်ဖတို့အား ကုန်းပတ်ပေါ်တွင် စစ်ဆေးကြည်ရှုခဲ့ရာ ပြင်ပဒဏ်ရာများ မတွေ့ရှိရဘဲ သေဆုံးနေပြီး ၀င်းထွန်းမှာ အသက်ရှုကြပ်သည့် ဝေဒနာခံစားနေရကြောင်း တွေ့ရှိရသဖြင့် မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးချက်များအရ သင်္ဘောသားများ သေဆုံးခဲ့သည့် ရေလုံခန်းသည် အတွင်းသို့ အောက်ဆီဂျင် ပေးသည့် ကိရိယာ မပါရှိဘဲ သန့်ရှင်းရေး ပြုလုပ်ရန် ၀င်ရောက် ရှင်းလင်းရာမှ လွန်ခဲ့သော (၁)နှစ်ကျော်ခန့်က ပိတ်ထားခဲ့သော အခန်းဖြစ်၍ အခန်း အတွင်း လူ့အသက် အန္တရာယ် ဖြစ်စေသော လေထု ပြဿနာကြောင့် ဇင်ကိုဦး(ခ) ကြက်ဖပါ(၃)ဦးမှာ  သေဆုံးရခြင်းဖြစ်သည်ဟု စစ်ဆေး တွေ့ရှိရသဖြင့် မြိတ်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၉၆/၂၀၁၃)ဖြင့် အမှုဖွင့်    အရေးယူ ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။ 
 
 

3 comments:

Unknown said...

မြိတ်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်က(၂၉၆/၂၀၁၃) ဆိုတော့သေ ဆုံးလို့စစ်ဆေးတဲ့အမှုက(၂၀၁၃) ခုနှစ်၊ မေလ(၇)၇က်နေ့အထိကို (၂၉၆) မှုတောင်ဖြစ်သွားပြီလား၊အဲဒီလောက်တောင်လူသေနှုန်းများနေ ပြီလား၊ဒါမှမဟုတ်မှားယွင်းပြီး(၂၉/၂၀၁၃) ရေးတာကိုလွဲမှားပြီးဖြစ်သွား တာလား၊ ပြည်သူတွေအမှတ်မှားမဖြစ်ရအောင်သက်ဆိုင်ရာကပြန်လည်စီစစ်ပြီး အမှန်ကိုပြန်တင်ပေးပါ။

Unknown said...

သတင်းတင်ရာမှာအများကိုသံသယပွါးစေမည့်အသုံးနုံးမျိုးနှင့်လွဲ မှားမှုဖြစ်စေနိုင်သည့်အရေးအသားမျိုးကိုသတင်းတင်သည့်မီဒီယာ များမှအထူးသတိထားရှောင်ရှားကြပါ။

.......... said...

ရဲတပ်ဖွဲက ထုတ်ပြန်တဲ့ သတင်းမှာလည်း (၂၉/၂၀၁၃) ဖြစ်ပါတယ်။ ကွန်ပျူတာ စာစီတာ မှားသွားလို့ ဖြစ်မယ် ထင်တယ်။ ၆ တစ်လုံး ပိုသွားတယ်။ မျဉ်းစောင်း ရိုက်တာနဲ့ ၆ ရိုက်တာ အတူတူပဲ ဖြစ်လို့ ဖြစ်မယ်။