Friday, September 6, 2013

ကျွန်းစုမြို့နယ် အတွင်း ဘင်္ဂါလီများသယ်ဆောင်မည့် ကုန်လှေ တစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန် များနှင့်အတူ ဖမ်းဆီးရမိ သတင်းခေါင်းစဉ်ပါ အကြောင်းအရာ နှင့်ပတ်သက်ပြီး ကုန်တင်လှေပိုင်ရှင် မွန်ပြည်သစ် ပါတီ(ခွဲထွက်) ဥက္ကဌ ဦးနိုင်စိုက်ချမ်းအား ဆက်သွယ်မေးမြန်းချက်


တိုင်းစစ်ဌာနချုပ်က ငြိမ်းချမ်းရေးအဖွဲ့ကို တာဝန်ယူဖြေရှင်းမှုမျိုး မလုပ်ဘဲ တပ်မတော်(ရေ)က တိုက်ရိုက် ရဲစခန်းကို လွှဲအပ်ခဲ့သလဲ


The Daily Eleven Newspaper၂၀၁၃ ခုနှစ် စက်တင်ဘာ(၄)ရက်၊ ဗုဒ္ဓဟူးနေ့စဉ်ထုတ် သတင်းစာပါ၊ စာမျက် နှာ၂၄ တွင်ဖော်ပြထားသော  ကျွန်းစုမြို့နယ် အတွင်း ဘင်္ဂါလီများသယ်ဆောင်မည့် ကုန်လှေ တစ်စင်းအား AK-47 သေနတ်၊ ကျည်ဆန် များနှင့်အတူ ဖမ်းဆီးရမိ သတင်းခေါင်းစဉ်ပါ အကြောင်းအရာ နှင့်ပတ်သက်ပြီး ကုန်တင်လှေပိုင်ရှင် မွန်ပြည်သစ် ပါတီ(ခွဲထွက်) ဥက္ကဌ ဦးနိုင်စိုက်ချမ်းအား ဆက်သွယ်မေး မြန်းခဲ့ရာ ဦးနိုင်စိုက်ချမ်းမှ သတင်းဖော်ပြပါ အကြောင်းအရာ များမှာ အမှန်တကယ် ဖြစ်စဉ်နှင့် ကွဲလွဲချက် များစွာ ရှိနေကြောင်းနှင့် မွန်ပြည်သစ်ပါတီ(ခွဲထွက်)သည် မွန်ငြိမ်ချမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် အတွက် ဖြေရှင်းသည့် ပုံသဏ္ဍာန်မှားယွင်းနေပြီး သတင်းစာတွင်ဖော်ပြထားသော ပ/၂၀၁၃ လက်နက် ယာယီ ပြင်ဆင်ချက် ဥပဒေပုဒ်မ (၁၉)က အရ အရေးယူသည်မှာ မှားယွင်းနေကြောင်း၊  နိုင်ငံတော် သမ္မတကြီး ဦးဆောင်၍ အကောင်အထည် ဖော်ဆောင် ရွက်လျက် ရှိသော ငြိမ်းချမ်းရေး လမ်းစဉ်နှင့် ဆန့်ကျင်သွေဖီ နေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ပြောကြားမှု အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။
 
မေး - ပထောနှင့် မြိတ်မြို့ကြားမှာ စစ်ရေယာဉ် ၄၀၃ မှ ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အကြောင်းအရာ မှန်ကန်မှုရှိပါလား။
ဖြေ - စစ်ရေယာဉ် အမှတ် ၄၀၃က ဖမ်းဆီးခဲ့တယ် ဆိုတာ မှန်ပါတယ်။ နေရာတော့ ကွဲလွဲနေတယ်။ ဖမ်းတဲ့ အချိန်က ည(၉)နာရီခွဲ ၀န်းကျင်လောက်ပါ။ မြိတ်မြို့(ဆိပ်ကမ်း) ရေခဲစက်ရှေ့မှာပါ။ မြိတ်မြို့ထဲ ကတောင် မထွက်သေးပါဘူး။


မေး - လှေပေါ်မှာလည်း လက်နက်တွေလဲ ပါလာတယ်လို့ ဖော်ပြထားပါတယ်။ လက်နက် အရေအတွက် ကို အတည်ပြုနိုင်ရင် အတည်ပြုပေးစေချင် ပါတယ်။
ဖြေ - AK-47 သေနတ်တစ်လက်၊ ကျည်ကပ်နှစ်ကပ်ပါ။


မေး - မွန်ပြည်သစ် ပါတီ(ခွဲထွက်)က ရဲဘော်တွေ ဘယ်နှစ်ယောက်လောက်ပါ ပါလဲ။ ကွဲလွဲနေတဲ့ အကြောင်း အရာတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါ။
ဖြေ - ကောင်းမြတ် ဟင်္သာ ကုန်တင်လှေဆိုတာ မှန်ပါတယ်။ ရေယာဉ်လိုင်စင် သက်တမ်းလွန်နေတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒဏ်ကြေးပေးသွင်းပြီး သက်တမ်းတိုးလိုက်ရင် ပြီးတာပါပဲ။ အရေးယူ လောက်အောင် ပြဿနာ မကြီးပါဘူး။ စက်ပစ္စည်းတွေက လိုင်စင်ထဲက အချက်အလက်နဲ့ ကွဲလွဲမှု ဆိုတာက ရှာကျန်ပြီး အပြစ်ဖို့တယ် လို့ မြင်ပါတယ်။ စက်ပစ္စည်းဆိုတာ ပျက်ဆီးသွားရင် အခုလိုက်ဖြုတ် လည်လိုက် ရတယ်ဆိုတာ လူတိုင်းသိပါ တယ်။ အခုလဲ ဒီလှေဟာ အင်ဂျင်ကွဲသွားတဲ့ အတွက် အင်ဂျင်အလုံးလိုက် လဲထားရတယ်လို့ တပည့်တွေ ပြောပါတယ်။ ကျွန်တော်ကတော့ ခရီးသွားနေတဲ့ အတွက် အခု သတင်းကြားကြားချင်း မြိတ်ကို ပြန်လာတာပါ။  ဘင်္ဂါလီ(၃)ဦးကို လက်နက်နဲ့ မိတယ်ဆိုတာ မဟုတ်ပါဘူး။ လှေပေါ်မှာ ပါတဲ့ AK-47  ဟာ လှေသားတွေရဲ့ လုံခြုံမှုအတွက် လှေတိုင်းမှာ ရှိပါတယ်။ လှေပေါ်မှာ သေနတ်ရှိတယ်ဆိုတာ မထူးဆန်းပါဘူး။ အရင် တိုင်းမှူး အဆက်ဆက်နဲ့က ကျွန်တော့်ကို ယုံကြည်မှုနဲ့ တာဝန် ပေးအပ်ခဲ့တာကိုလည်း တပ်မတော်နဲ့ လက်တွဲလုပ်ခဲ့တာဖြစ်တယ်။ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ-၂၆၂၊ ခလရ-၂၆၅၊ ခလရ-၂၆၇ နှင့် မွန်ငြိမ်းချမ်းရေး အဖွဲ့တို့  မြန်မာ့ ပင်လယ်ပြင်စိုးမိုးရေး အတွက် ပူးပေါင်းပြီး ယိုးဒယား ကျူးကျော်ပြီး ငါးခိုးလှေတွေကို ဖမ်းဆီးခဲ့ကြ ပါတယ်။ အခုရှိနေတဲ့ သေနတ်ဆိုတာ ကျွန်တော်တို့ကို နိုင်ငံတော်က တပ်မတော်နဲ့ ပူးပေါင်းလုပ်ဆောင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် ဖမ်းဆီးရမိ စက်လှေအချို့နဲ့ လက်နက်တွေကို အင်အား ဖြည့်တင်းပေးတဲ့ အနေနဲ့ရော၊ ဆုချီးမြှင့်ပေးတဲ့ အနေနဲ့ရော ရှေးယခင် တိုင်းမှူး တွေက ပေးခဲ့တာပါ။ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တွေနဲ့ရော၊ ပြည်ထောင်စု ၀န်ကြီးအနေနဲ့ ရော၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် အနေနဲ့ရော လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်မှာ ရှိနေပါတယ်။ ဘင်္ဂါလီတွေရဲ့ သေနတ် မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ် အောက်တိုဘာဝန်းကျင်မှာ ကျွန်တော်အဖွဲ့ရဲ့ ငါးဖမ်းသင်္ဘော နှစ်စီးကို ထိုင်း ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲသွားခဲ့ဘူးတယ်။ ထိုင်းနိုင်ငံကို ဖြတ်ပြီး ထိုင်းရေပြင်ပိုင်နက် ဖြစ်တဲ့မလက္ကာရေလက်ကြားထိ ခေါ်သွားခဲ့တယ်။ ကျွန်တော် ရဲဘော်တွေက လှေတစ်စီးမှာ လူ(၂၀)ကျော် တယ်။ ကျွန်တော်တပည့်တွေ (၄၀)ကျော်လောက်နဲ့ သင်္ဘောနှစ်စီး ပါသွားခဲ့ပြီး ပြန်လည်ခုခံ တိုက်ခိုက်နိုင်ခဲ့တဲ့ အတွက် သင်္ဘောတစ်စီးနဲ့ လူ(၂၀)နီးပါး စင်္ကာပူနိုင်ငံ ဘက်ကို ရောက်သွား ခဲ့တယ်။ စင်္ကာပူအာဏာပိုင်တွေစီမှာ သတင်းပို့ပြီး မြန်မာ သံရုံးက မြန်မာ သံအမတ်ကြီး ရဲ့ အကူအညီနဲ့ ရိက္ခာနဲ့ ဆီ ဖြည့်ပြီး မြိတ်ကို ပြန်လာနိုင်ခဲ့ကြတယ်။ ကျွန်တော့် ရဲဘောတွေ လူ(၂၀)ကျော်လောက် ကျဆုံးခဲ့တဲ့အတွက် စိတ်မကောင်းပေမယ့် ကျွန်တော်တို့ ဂုဏ်ယူနိုင်ခဲ့ပါတယ်။ တိုင်းမှူးကိုယ်တိုင်က စိတ်မကောင်းတဲ့အပြင် မခံချင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် လှေတွေပေါ်မှာ သေနတ်တွေ ထားဖို့အတွက် ကျွန်တော်တို့ကို နှစ်သိမ့်ပြီး လက်နက်တွေ ထပ်ပေးခဲ့ပါတယ်။ တကယ်တော့ ပြန်ပေးဆွဲတယ်ဆိုတာထက် ကျွန်တော်တို့အဖွဲ့ကို ထိုင်းပင်လယ်ဓားပြနဲ့ ထိုင်းငါးခိုးလှေတွေဟာ လက်စား ချေခဲ့ကျတာပါ။ ရန်ကုန်က စက်လှေတွေ အခြားစက်လှေတွေ အပါအ၀င် ရခိုင်၊ မြိတ်ဘက်က ငါးဖမ်းစက်လှေတွေကိုလည်း ထိုင်းပင်လယ် ဓားပြတွေက လှေသားအားလုံးကို သတ်ဖြတ်ခဲ့တဲ့ သာဓကတွေ အများကြီးဖြစ်ခဲ့တယ်။ အဲဒီအချိန်က  မြန်မာနိုင်ငံအစိုးရက တနင်္သာရီတိုင်း ဘုတ်ပြင်းနှင့် ကော့သောင်းကြား လတီ်္တတွဒ် ၁၁ဒီဂရီ မျဉ်းအောက်ကို ပုဒ်မ ၁၄၄ ဧရိယာ (ကန့်သတ်နယ်မြေ) အဖြစ် သတ်မှတ်ထား ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံပိုင်နက်ထဲမှာ ရှိတဲ့ ငါး၊ ပုဇွန်၊ သစ်တွေကို တရားမ၀င် ခိုးပြီးဝင်ရောက်လာတဲ့ ငါးခိုးလှေ၊ ဗုံးခွဲလှေ၊ သစ်ခိုးလှေ အဲ့ဒီ ယိုးဒယား မှောင်ခို စက်လှေတွေကို စစ်ဆင်ရေး တစ်ရပ် ကဲ့သို့ပြုလုပ်ပြီး ဖမ်းခဲ့တာပါ။ မှတ်မိသလောက် ပြောရရင်  တစ်နှစ်အတွင်း စက်လှေအကြီးအသေး ဆိုဒ်အမျိုးမျိုး ပါဝင်တဲ့ ယိုးဒယားခိုးလှေ အစီးပေါင်း (၁၀၀)ကျော်လောက်ကို ကျွန်တော်တို့ တပ်မတော်နဲ့ ပူးပေါင်း ဖမ်းခဲ့ကြတယ်။ နိုင်ငံတော် အတွက် တန်ကြေးတော်တော်များများကို အပ်နှံပေးခဲ့တယ်။ ဒါတွေဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အမှန်တကယ် ပြုလုပ်ခဲ့တဲ့ ကိစ္စရပ်တွေပါ။ အခုလို စက်တင်ဘာ(၁)ရက်နေ့ညက ကျွန်တော်စက်လှေအဖမ်းခံရပြီးတဲ့နောက် လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ပဲ ရဲစခန်းလက်ကို အပ်ပြီး ကျွန်တော်ရဲဘော်တွေကို အရေးယူခိုင်းခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်ဟာ အင်မတန် နာကြည်းစရာကောင်းပါတယ်။ တပ်မတော်နဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်အတွက် အေးချမ်းသာယာဖို့ ကျွန်တော် တို့ တကယ်အားထုတ်ခဲ့ပါတယ်။ ဒါတွေကို လျစ်လျူရှုပြီး အခုလက်ရှိ တိုင်းမှူးက တာဝန်ယူမှုမရှိဘဲ ခေါင်းရှောင်သွားတဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ဘူး။ ဒီဖြစ်စဉ်အမှန်ကို ရအောင်ဖော်ထုတ်မှာပါ။ အရင် တာဝန် ထမ်းဆောင်သွားခဲ့တဲ့ တိုင်းမှူးအဆက်ဆက်ဟာ စစ်သားကောင်းပီသတဲ့ တပ်ဖွဲ့ဝင်စိတ်နဲ့ တာဝန်ယူမှု တာဝန် ခံမှု ရှိတယ်ဆိုတာ အကြွင်းမဲ့ယုံကြည်တယ်။ ကျွန်တော်ခေါင်းဆောင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် တပ်မတော် ပူးတွဲပြီး အလုပ်လုပ်ခဲ့တဲ့အတွက် ဒီဗိုလ်ချုပ်ကြီးတွေဟာ ကျွန်တော်အတွက်တော့ အကောင်းဆုံး သက်သေ တွေပါပဲ။ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတကြီးတို့ဟာ တာဝန်ယူမှုရှိတဲ့ ခေါင်းဆောင် ကောင်းတွေပါ။ အဲဒီအတွက် မကြာခင်သ မ္မတကြီးခရီးစဉ်က ပြန်လာတဲ့အချိန်မှာ အမှန်တရား ပေါ်ပေါက် မယ်လို့ ကျွန်တော်ယုံကြည်တယ်။


မေး - ဦးနိုင်စိုက်ချမ်းအနေနဲ့ ဘင်္ဂါလီ (၃)ဦးနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
ဖြေ - ဘင်္ဂါလီ (၃)ဦးနဲ့ ပတ်သက်ပြီး ကျွန်တော်လုံးဝမသိဘူး။ ကျွန်တော်ကို မြိတ်စီးပွားရေး တာဝန်ခံ ကိုမိုးပျံက  ဒီလှေကို ကော့သောင်းက ဦးစန်းဦးနဲ့ ဦးမောင်ချစ်တို့ကို ငှားထားတယ်ဆိုတာပဲ သိတယ်။ ကျွန်တော် တာဝန်ခံနိုင်တာ က ကျွန်တော်ရဲဘော်လေးယောက် လှေပေါ်မှာ ထည့်ပေးလိုက်ပါတယ်။ ပဲ့နင်း ဦးထွန်း(ခ)နိုင်မောင်ထွန်း၊ နိုင်သာဟန်၊ နိုင်မောင်မောင်၊ နိုင်အောင်မြင့် လူတွေပါ ကျွန်တော် သိသလောက် ပြောရရင် မြိတ်မြို့မှာ ဗလီ(၉)လုံးရှိ ပါတယ်။ အဲဒီဗလီ(၉) လုံးထဲမှာ ဘင်္ဂါလီတွေ အပြည့်ရှိနေတယ် ဆိုတာ မြိတ်သူမြိတ်သား အားလုံး သက်သေရှိပါတယ်။ ဗလီထဲက ဘင်္ဂါလီတွေ ကိုတော့ မဖမ်းဘဲနဲ့ ဘာကြောင့် လှေပေါ်မှာတွေ့တဲ့ (၃)ယောက်ကိုရဲစခန်းမှာ အရေးယူတယ်ဆိုရင် ဗလီထဲက ဘင်္ဂါလီ အားလုံးကိုလဲအရေးယူသင့်တာပေါ့။ ဘာကြောင့် မှတ်ပုံတင်မရှိတာချင်းအတူတူ ဥပဒေက အမျိုးမျိုး ဖြစ်နေရတာလဲ။ မျှမျှတတ ဖြစ်ရမယ်။ ဥပဒေဆိုတာ အမျိုးမျိုးမဖြစ်သင့်ဘူး။ ကျွန်တော်ရင်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေကို ကျွန်တော် ပွင့်ပွင့်လင်းလင်း ဆက်ပြီးပြောပြချင်ပါတယ်။ ရင်ထဲမှာ ပေါ့သွားတာပေါ့။ သံသယဆိုတာတွေကို စိတ်ထဲမှာ မွေးမထားချင်ဘူး။ နိုင်ငံတော် အကြီးအကဲတွေကို အသိ ပေးတင်ပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဆက်လက်ဖော်ပြ ပါမည်။

Hot News Journal အတွဲ(၄)၊ (၁၅၆)၊ (၆-၉-၂၀၁၃)နေ့ထုတ်

 http://www.hotnewsweekly.com/?q=2/275

0 comments: