Sunday, September 29, 2013

ကြံတောလမ်းဆုံ၌ ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ ည (၁၁) နာရီကျော်အချိန် ခန့်တွင် မြိတ်မြို့ မြိတ်-ကျွဲကူး လမ်းမကြီးပေါ်ရှိ ကြံတောလမ်းဆုံ၌ မော်တော်ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။ 

 
ဖြစ်စဉ်မှာ မြိတ်မြို့ ဂေါက်ကွင်းဘက်မှ မြိတ်မြို့တွင်းဘက်သို့ အောင်နိုင်ဦး အသက် (၃၀)နှစ်၊ မြို့ပတ်(၁)လမ်း တွင် နေထိုင်သူ မောင်းနှင်လာပြီး ဇင်ပိုင်ဦး အသက် (၂၆)နှစ်၊ ကတ္တလူကျေးရွာ နေုထိုင်သူ စီးနင်းလိုက် ပါသည့် ဗီယက်နမ် နိုင်ငံလုပ် Wave ဖြူနီစပ်ကြား ဆိုင်ကယ်နှင့် မြိတ်မြို့တွင်း ဘက်မှ ဂေါက်ကွင်းဘက်သို့ ပြည့်ဖြိုးအောင် အသက် (၂၂)နှစ် မြို့ပတ်(၁) လမ်း အောက်ရေပုန်းရပ်တွင် နေထိုင်သူ မောင်းနှင်လာပြီး နေလင်းဦး(ခ) ဂျင်မီ (၂၉)နှစ်၊ အောက်ရေပုန်း ရပ်တွင် နေထိုင်သူ စီးနင်းလိုက်ပါလာသည့် Wave 100 မဲပြာ စပ်ကြား ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိ ခဲ့သည်။ 

ယာဉ်တိုက်မှုကြောင့် နေလင်းဦး (ခ) ဂျင်မီသည် ဦးခေါင်းနောက်စေ့ သွေးထွက်ပေါက်ပြဲ ဒဏ်ရာ၊ ၀ဲဘက်နဖူး ပေါက်ပြဲ ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုအောင်နိုင်ဦးနှင့် ပြည့်ဖြိုးအောင်တို့မှာ ပေါက်ပြဲ ဖူးယောင် ဒဏ်ရာများ ရရှိသဖြင့် မြိတ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။ 

ထိုယာဉ်တိုက်မှု အား မြိတ်မြို့ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ ယာဉ်(ပ) ၅၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

0 comments: