Sunday, September 15, 2013

ကော့သောင်းအကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းများကို မကျေနပ်၍ ဆူပူအုံကြွခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်းရှိ ၉ မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော်တွင် အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းအတွင်းမှ ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင်မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။




"ပြစ်ဒဏ်ကျခံနေတဲ့ ရဲကိုလှိုင်(ခ)ပချူးနဲ့ ထွန်းထွန်းကိုတို့နှစ်ဦး စကားများ ရန်ဖြစ်ကြလို့ ထိန်းသိမ်းရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ကြတယ်။ အဆောင်(၁)၊ အခန်း(၃)နဲ့(၄)က ခေါင်မိုးသွပ်ပြားတွေ ဖောက်ထွက်တယ်။ အဆောင်တံခါးတွေကို ဖျက်ဆီးပြီးထွက်တယ်။ အဆောင်(၁)နဲ့(၂)က ကော်ရစ်တာ အိပ်ဆောင်တွေကို မီးရှို့တယ်။ အိပ်ဆောင် (၁)နဲ့(၂)က လျှပ်စစ်မီးတွေကို ဖြတ်တောက်လိုက်ကြတယ်။ အကျဉ်းဦးစီးက အုတ်ရိုးနား ထိရောက်လာပြီး လုံခြုံရေး ထိန်းသိမ်းမရလို့ ခြောက်လှန့်ပစ်ခတ်လိုက်တာ ဟူစိန်၊ အောင်ဆန်းဝင်း၊ အောင်အောင်ဦး၊ စိုးမြင့်၊ သန်းနိုင်စိုး၊ ဇော်ဇော်၊ ဇော်လွင်၊ ဌေးငယ်တို့ကို ထိမှန်လို့ ကော့သောင်းဆေးရုံကြီးကို ပို့လိုက်တော့ ဋ္ဌေးငယ်က ဆေးရုံရောက်မှ သေသွားတယ်။ ဟူစိန်၊ ဇော်ဇော်၊ သန်းနိုင်စိုးတို့ (၃)ယောက်ကို မြိတ်ဆေးရုံကိုပို့ဖို့ စီစဉ်နေပါတယ်။ အခြေအနေတွေ အားလုံးတော့ ပုံမှန်အတိုင်း ဖြစ်သွားပါပြီ" လို့ ဖြစ်စဉ်တလျှောက်လုံးတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများကို ကော့သောင်းမြို့ရှိ၊ ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပို့ဆောင်ပေးခဲ့ရာ သုံးဦးမှာ စိုးရိမ်ရသဖြင့် မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးရန် စီစဉ်လျက် ရှိသည်။

"ပြဿနာ စဖြစ်တာကတော့ တရားရုံးကနေ ၁၃-၉-၂၀၁၃ ရက်က ထောင်ဒဏ် နှစ်နှစ်စီ ချလိုက်တဲ့ ရဲကိုလှိုင်(ခ)ပချူးနဲ့ ထွန်းထွန်းတို့နှစ်ဦးက ညနေ ၆ နာရီ ထောင်ပိတ်ချိန်မှာ စကားများ ရန်ဖြစ်ကြတဲ့အတွက် တာဝန်ရှိသူများက ဖျန်ဖြေပေးခဲ့တယ်။ ထောင်ပိုင်စောလချစ်က သူတို့နှစ်ယောက်ကို ပြန်ခေါ်ပြီး သူ့ရဲ့ဝန်ထမ်းတွေကို ၀ိုင်းထိုး၊ ၀ိုင်းရိုက်ခိုင်းတော့ ကြောက်လန့်တကြား အော်သံမျိုးစုံနဲ့ "လက်ကျိုးပါပြီဗျ" လို့အော်တဲ့ ရဲကိုလှိုင်ရဲ့အော်သံကို ကျန်တဲ့ထောင်သားတွေက ကြားသွားပြီး ထောင်ပိုင်ကြီးအား အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်မှု မလုပ်ပါနဲ့၊ မရိုက်ပါနဲ့လို့ အော်ဟစ်နေကြတယ်။ တာဝန်ရှိသူတွေက မအော်ဖို့၊ အသံမထွက်ဖို့ တားပေမယ့် ဆက်ပြီးအော်နေကြလို့ ထောင်မှာထွန်းထားတဲ့ မီးအားလုံး ပိတ်လိုက်ပြီး သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့လို့ အဲဒီနေရာမှာပဲ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တာပါ" လို့ ဒဏ်ရာရ အကျဉ်းသား လူနာများကို သွားရောက်တွေ့ဆုံခွင့် ရခဲ့သော ဒီမိုကရက်တစ် (မြန်မာ)မှ တာဝန်ရှိသူ ဦးသန်းထွန်းက ပြောကြားသည်။

ဒဏ်ရာရသူများကို သွားရောက်တွေ့ဆုံရာတွင် ဒီမိုကရက်တစ်ပါတီမှ သုံးဦးနှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နှစ်ဦးသာ တွေ့ဆုံခွင့်ရခဲ့ပြီး သတင်းမီဒီယာများနှင့် ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများကိုပါ တွေ့ဆုံခွင့် မပြုကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကို သွားရောက်မေးမြန်းရာတွင် "ည ၈ နာရီကျော်လောက်မှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ တစ်ယောက်သေပြီး ခုနစ်ယောက် ဒဏ်ရာရတယ်။ အကျဉ်းခန်းရဲ့ အမိုးတွေ၊ မျက်နှာကြက်တွေ ကိုခွာပြီး ဖောက်ထွက်တယ်လို့တော့ ပြောတယ်။ ထောင်အခန်းတွေကို သေချာမစစ်ဆေးရသေးတော့ မသိသေး ပါဘူး။ ည ၁၀ နာရီခွဲလောက်မှာ သေဆုံးသူနဲ့ ဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့လိုက်ပြီး စိုးရိမ်ရတဲ့ သုံးယောက်ကို မြိတ်ဆေးရုံကို ပို့ဖို့ စီစဉ်နေတယ်" လို့ ပြောကြားသည်။

ခြောက်လှန့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူမှာ ကိုဌေးငယ် (သစ်အမှုဖြင့် တရား ရင်ဆိုင်နေသူ၊ ပြစ်မှုစီရင်ချက် မကျသေးသူ)ဖြစ်ကြောင်း၊ ပြင်းထန်စွာ ဒဏ်ရာရခဲ့သူ သုံးဦးမှာ စိုးရိမ်ရသဖြင့် မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်း များကို တွေ့ဆုံခွင့်ရရန် အတွက် ဒီမိုကရက်တစ် (မြန်မာ)နှင့် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများက ကြိုးစားညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

ကော့သောင်းအကျဉ်းထောင်အား စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ရဲမြင့်ဝင်း)

 

Eleven Media Group

0 comments: