Tuesday, September 10, 2013

မြိတ်မြို့ပေါ်ရှိ ဗလီများ၌ ဘင်္ဂါလီများ အပြည့် ရှိပါသည် ဆိုသော အကြောင်းအရာနှင့် ပတ်သက်၍ မြိတ်မြို့ အစ္စလာမ် ဘာသာရပ်ရေး အဖွဲ့များမှ ဖြေရှင်းချက် ထုတ်ပြန်

၂၀၁၃ခုနှစ် စက်တင်ဘာလ(၆)ရက် နေ့ထုတ် The Hot News Weekly ဂျာနယ်ပါ မွန်ပြည်သစ်ပါတီ (ခွဲထွက်)အဖွဲ့ ဥက္ကဌ ဦးနိုင်စိုက်ချမ်း၏ သဘောထား အမြင်ကို တွေ့ဆုံမေးမြန်းခြင်း ခေါင်းစဉ်ပါ အကြောင်းအရာ များနှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး အိုလမာ- အစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ခွဲ၊ မြိတ်ခရိုင် မြန်မာ မွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ခွဲ ၊ မြိတ်မြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီတို့မှ ဖြေရှင်းချက် များ ရှင်းလင်းပွဲကို စက်တင်ဘာ လ(၉)ရက် နေ့လည်(၂)နာရီတွင် အိုစမာ- အစ္စလာမ်သာသနာ့ ပညာရှင်များ အဖွဲ့ခွဲ(မြိတ်)ရုံး ၌ ကျင်းပသည်။



ရှေးဦးစွာ မြိတ်မြို့နယ် အစ္စလာမ် သာသနာရေးရာကောင်စီ အတွင်းရေးမှူး ဦးအေးကိုကိုက ဂျာနယ်ပါ တွေ့ဆုံမေးမြန်းခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများတွင် မြိတ်မြို့ပေါ်ရှိ ဗလီများ၌ ဘင်္ဂါလီများအပြည့်ရှိ ပါသည် ဆိုသော စကားရပ်မှာ မှန်ကန်မှု မရှိကြောင်း အထက်ဖော်ပြပါ အစ္စလာမ်ဘာသာရပ်ရေး အဖွဲ့(၃)ဖွဲ့ မှ အသိပေး ကြေငြာ ဖြေရှင်းချက်အား ရှင်းလင်းပြောကြား ခဲ့သည်။
အဆိုပါ ဖြေရှင်းချက်တွင် မြိတ်မြို့ပေါ်တွင် ဗလီ (၉)လုံး ရှိသည်ဟု ဆိုခြင်းမှာ မှန်ကန်သော်လည် (၇) လုံးတွင်သာ ၀တ်ပြုလျက်ရှိကြောင်း၊ ထားဝယ်ကမ်း လမ်းမကြီးပေါ်ရှိ ဗလီနှင့် မူဆလင် သင်္ချိုင်းဟောင်းရှိ ဗလီ (၂)လုံးမှာ ၀တ်ပြုခွင့် ရပ်နားထားကြောင်း၊ အဆိုပါ ဂျာနယ်တွင် ရေးသား ဖော်ပြထားသလို ဗလီ (၉)လုံး၌ ဘင်္ဂါလီ အပြည့် ဆိုသည်မှာ မှန်ကန်ခြင်း မရှိကြောင်း ၊ ဒေသခံ ဘင်္ဂါလီ အချို့သာ ၀တ်ပြုချိန်အတိုင်း ၀တ်ပြုလေ့ရှိကြောင်း၊ ဗလီတွင် အမြဲတမ်း နေထိုင်ခြင်း မရှိကြောင်း ၊ မြိတ်မြို့ ထုံးဖိုဗလီနှင့် အခြား ဗလီများ အတွင်းသို့ ၂၀၁၃ ခုနှစ် မတ်လ (၁၃) ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ ၀င်ရောက် လှည့်လည် ကြည့်ရှု့ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန် ရှင်းလင်းခဲ့သည်။ 

၂၀၁၃ခုနှစ် စက်တင်ဘာလ(၆)ရက် နေ့ထုတ် The Hot News Weekly ဂျာနယ်ပါ မွန်ပြည်သစ်ပါတီ (ခွဲထွက်)အဖွဲ့ ဥက္ကဌ ဦးနိုင်စိုက်ချမ်းက ကျွန်တော်သိသလောက် ပြောရရင် မြိတ်မြို့မှာ ဗလီ(၉)လုံးရှိပါတယ်။ အဲဒီဗလီ(၉) လုံးထဲမှာ ဘင်္ဂါလီတွေ အပြည့်ရှိနေတယ်ဆိုတာ မြိတ်သူမြိတ်သားအားလုံး သက်သေရှိပါတယ်။ ဗလီထဲက ဘင်္ဂါလီတွေ ကိုတော့ မဖမ်းဘဲနဲ့ ဘာကြောင့် လှေပေါ်မှာတွေ့တဲ့ (၃)ယောက်ကိုရဲစခန်းမှာ အရေးယူတယ်ဆိုရင် ဗလီထဲက ဘင်္ဂါလီ အားလုံးကိုလဲအရေးယူသင့်တာပေါ့။ ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အိုလမာ-အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ခွဲ ဥက္ကဌ ဦးသင်းမောင်နှင့် ဗလီဆရာများ၊ မြိတ်ခရိုင် မြန်မာ မွတ်စလင်မ်အမျိုးသားရေးရာအဖွဲ့ခွဲ ဥက္ကဌ၊ မြိတ်မြို့နယ် အစ္စလာမ်သာသနာရေး ရာကောင်စီ အတွင်းရေးမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

0 comments: