Friday, September 20, 2013

အကျဉ်းသားဟူသည် လူသားလော တိရစ္ဆာန်လော


စက်တင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့နယ်ရှိ ကိုးမိုင် အကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းကြောင့် အကျဉ်းသားများက အော်ဟစ်တားမြစ်မှု ပြုလုပ် သည်ကို ထောင်ဆူပူမှု ဟုဆိုကာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူ သုံးဦးကို မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ထားရာမှ စက်တင်ဘာ ၁၆ ရက်တွင် တစ်ဦးထပ်မံ သေဆုံးသွားခဲ့သည်။ ယင်းဖြစ်စဉ်ကို အစိုးရအဖွဲ့က ထောင်ဖောက်ရန် ကြိုးစားခဲ့မှုကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရခြင်းဟု သတင်းထုတ်ပြန်ခဲ့ပြီး ၁၈ ရက်တွင် ယင်းအကျဉ်းထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။



 
မြန်မာနိုင်ငံ အစိုးရမှ ပြဋ္ဌာန်းသည့် အကျဉ်းထောင်များ၏ ကြီးကြပ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ လက်စွဲနည်း ဥပဒေများ အပိုင်း ၂၊ အခန်း ၇၊ အပိုဒ် ၃၁၇ (က) တွင် ''အကျဉ်းထောင်မှ မည်သည့် အရာထမ်းမဆို ထွက်ပြေး တိမ်းရှောင်သူ (သို့) ထွက်ပြေးရန် ကြံစည်သူ အကျဉ်းသား အပေါ်တွင် ဓားလွတ်၊ လှံစွပ်၊ သေနတ် (သို့) အခြားလက်နက် တို့ကို အသုံးပြုနိုင်သည်။ သို့သော် ဤနည်းစနစ်ကို သက်ဆိုင်ရာ အရာထမ်း အနေဖြင့် အကျဉ်းသားအား ထွက်ပြေးခြင်းမှ ဟန့်တားရန်အတွက် အခြားနည်းလမ်း မရှိတော့ဟု အကျိုးသင့် အကြောင်းသင့် ယုံကြည်နိုင်ရန် အကြောင်း ပေါ်ပေါက်လာမှ သာလျှင် အသုံးပြုရမည်'' ဟု ပါရှိသည်။

ကော့သောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ''တာဝန်အရှိဆုံး ပုဂ္ဂိုလ်များက မည်ကဲ့သို့ စစ်ဆေးနေသည်''၊ ''မည်ကဲ့သို့သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသည်'' စသည်တို့နှင့် ပတ်သက်၍ သတင်းအချက် အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသကဲ့သို့ သတင်းမီဒီယာများ၏ မေးမြန်းစုံစမ်း မှုများကိုလည်း ဖြေကြားခြင်း မရှိခဲ့ပေ။ အစိုးရ၏ သတင်းထုတ်ပြန် ချက်များသည် ဖြစ်ရပ်မှန်နှင့် ကွာဟချက်များ ရှိနေနိုင်သော သံသယများအတွက် မေးမြန်းစုံစမ်းခွင့် မပြုသည့်အပြင် ကိုယ်တွေ့ ကြုံခဲ့ရသည့် သက်သေခံ အကျဉ်းသားများကိုပါ မိသားစုနှင့်ပင် ဆက်သွယ်ခွင့် မပေးဘဲ သတင်းအမှောင် ချထားခဲ့သည်။ လူစုခွဲကာ ထောင်များ ရွှေ့ပြောင်းခဲ့သည်။

လုံခြုံရေး ၀န်ထမ်းများ အနေဖြင့် အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရဘဲ လူသားဆန်စွာ ဆက်ဆံရန် ဖော်ပြပါ ထောင်လက်စွဲ နည်းဥပဒေ၏ အပိုင်း ၂၊ အခန်း ၈ တွင် အကျယ်တ၀င့် ဖော်ပြထားသည်။ ယခု ကော့သောင်း ပြဿနာသည် အကျဉ်းသားများအား လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ရာမှ အခြားအကျဉ်းသားများက အော်ဟစ် တားမြစ်သည်ကို ထောင်ဆူပူမှုဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ရာမှ စတင်ဖြစ်ပွားခြင်း ဖြစ်သည်။ အကျဉ်းထောင် ရွှေ့ပြောင်းရာတွင်လည်း အကျဉ်းသားများကို တိရစ္ဆာန်ကဲ့သို့ လေးယောက်တစ်တွဲ ၀န်ချီစက်များဖြင့် ချီမကာ သင်္ဘောဆီသို့ ပို့ဆောင်ခဲ့သည်။ ယင်းကဲ့သို့ ပို့ဆောင်ခဲ့သော အကျဉ်းသားများထဲတွင် အကြမ်းဖက်မှု ကဲ့သို့သော ကြီးလေးသော ပြစ်ဒဏ်ကျ အကျဉ်းသားများ မဟုတ်သည့် သေးငယ်သော ပြစ်မှုများကိုသာ ကျူးလွန်ခဲ့သူ အေအဆင့် ရိုးရိုး အကျဉ်းသားများ အများအပြား ပါဝင်နေသည်။

လူသားဆန်မှုဟူသည် တစ်ကမ္ဘာလုံး လူသားအားလုံးနှင့် သက်ဆိုင်သည့် အချင်းအရာ ဖြစ်သည်။ လူသားအားလုံး အနေဖြင့် အခြားလူသား အားလုံးကို မိမိတို့ ကဲ့သို့ပင် လူသားများ ဖြစ်သည်ဟု သတ်မှတ်ကာ ပြုမူဆက်ဆံခြင်း ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် အပြစ်ဒဏ် ကျခံနေရသော်လည်း အကျဉ်းသားများ၌ လူသား၏ ဖြစ်တည်မှုနှင့် လူသား၏ ဂုဏ်သိက္ခာရှိသည်။ အပြစ်ဒဏ်ကို ခံယူကာ အကျဉ်းသားအဖြစ် ပြန်လည်ပေးဆပ် နေသူများကို အာဏာနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလျက် လူမဆန်စွာ ဆက်ဆံခြင်း မပြုအပ်ပေ။ အကျဉ်းထောင်ဟူသည် လူသားတို့အား အမှားပြင်ဆင်ပေးသော နေရာသာဖြစ်ပြီး အမှားများ ထပ်မံကျူးလွန်ခိုင်းသည့် နေရာမဟုတ်ပေ။

ယခုအခါ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများနှင့်အညီ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကဲ့သို့သော ဌာနများသည် ထိုက်သင့်သည့် ပြောင်းလဲမှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်၌ သံသယရှိသူ တစ်ဦးကို စစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးခဲ့မှုကြောင့် အဆိုပါ အမှုစစ်ဆေးရေး အဖွဲ့တွင် ပါဝင်သည့် ရဲတပ်သား အဆင့်မှ ဒုတိယရဲမှူးကြီး အဆင့်အထိ အရေးယူခဲ့ခြင်း ဖြစ်သည်။ သို့သော် အချို့သော ဌာနများနှင့် ၀န်ထမ်းများသည် အကျင့်ဟောင်း၊ အကျင့်ဆိုးများကို မဖျောက်ဘဲ လူသားဆန်မှုကို ကျောခိုင်းကာ ပွင့်လင်းမြင်သာ မှုကိုလည်း လျစ်လျူပြုနေဆဲပင်။ ယခု ကော့သောင်းပြဿနာ ကဲ့သို့သော ကိစ္စကို ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်သည်ဟု ယူဆပါသည်။ သို့ဖြစ်ပါ၍ ICRC နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကဲ့သို့သော ပြည်တွင်းပြည်ပ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ဤကိစ္စအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုး ထပ်မံမဖြစ်ပွားအောင် ၀ိုင်းဝန်းကာကွယ် ကြစေလိုကြောင်းနှင့် အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင်များသည် လူသားဆန်မှုနှင့် ဥပဒေအရ ထိန်းကျောင်းပဲ့ပြင် အရေးယူမှုများ ပြုလုပ်သည့် နေရာဖြစ်အောင် ကြိုးစားကြစေ လိုကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


0 comments: