Tuesday, September 3, 2013

မြိတ်မြို့၌ ရေယာဉ်အသင်းအဖွဲ့များ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အတွင်း ရေယာဉ် အသင်းအဖွဲ့များ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေးကို စက် တင်ဘာလ (၃)ရက် နံနက်(၁၀) နာရီတွင် မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန ကျွန်းရတနာခန်းမ၌ ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရေကြောင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေယာဉ်အသင်း အဖွဲ့လုပ်ငန်းရှင်များ တက် ရောက်ကြသည်။



ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း က အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ရေယာဉ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စည်းကမ်း စနစ်တကျဖြစ်စေရေး၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဖွဲ့စည်း၍ ၄င်းကော်မ တီမှ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ၊ ဥပဒေ အတိုင်း ဆောင်ရွက် နိုင်ရေး ပြောကြား ခဲ့သည်။

ထိုနောက် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထွေးက ရေယာဉ် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပြီး မြိတ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးလွင်ကိုဦး က ရေယာဉ် အသင်းအဖွဲ့များတွင် ရေယာဉ်လုပ်ငန်းရှင်များက အသင်းဝင်ဆောင်ရွက်နိုင်ကြရေး ရှင်းလင်း ပြော ကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသော ရေယာဉ် အသင်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် အသင်း အဖွဲ့သစ် များ ဖွဲ့စည်းရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြသည်။

ယင်းနောက် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီကို ရေယာဉ် အသင်း အဖွဲ့များမှ ကိုယ်စားလှယ် များ၊ ရေယာဉ်ပိုင်ရှင်များမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့သည်။ ၄င်းကော်မတီအဖွဲ့ဝင်များက ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများကို ဆန္ဒမဲပေးရွေးချယ်ကြရာ တိုင်းဒေသကြီးရေကြောင်း သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ရေး အဖွဲ့မှ အတည်ပြု ဖွဲ့စည်းခဲ့သည်။

ဆက်လက်၍ တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက ရေယာဉ်များ စနစ်တကျ သွားလာ ရေးနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြား၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ က ကဏ္ဍ အလိုက်ရှင်းလင်းဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (IPRD MYEIK)
www.facebook.com/myeiknews

0 comments: