Monday, September 16, 2013

ကော့သောင်း ကိုးမိုင်ထောင်ကိစ္စ ထိပ်တန်း လျှို့ဝှက် အဆင့်သာ ရှိနေဆဲ




ကော့သောင်းမြို့နယ် ကိုးမိုင်အကျဉ်းထောင် အတွင်း ဖြစ်ပွားခဲ့သည့် အကျဉ်းသားများ၏ ဆန္ဒထုတ်ဖော်မှု ဂယက်နှင့် ပတ်သက် သည့် အသေးစိတ် အချက်အလက်များကို မေးမြန်း စုံစမ်းဆဲဖြစ်သဖြင့် ကော့သောင်းမြို့နယ် အတွင်း၌ အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပွဲ တစ်စုံ တစ်ရာ ပြုလုပ်ခြင်း မရှိသေးဘဲ ထိပ်တန်း လျှို့ဝှက်အဆင့်သာ ရှိသေးကြောင်းကိုလည်း ကော့သောင်း မြို့ခံများနှင့် ထောင်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
 
ထောင်ပိုင်နှင့် ထောင်မှူးကို အလုပ်မှ ထုတ်ပယ်ခိုင်းခြင်း၊ ထောင်တွင်း ဖြစ်စဉ်များကို သေချာ စစ်ဆေးစေလိုခြင်း အပါအ၀င် အကျဉ်းသားတို့၏ ခံစားချက် ထုတ်ဖော်ခွင့်အတွက် ဖြစ်ပေါ်လာသည့် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့နယ် ကော့ သောင်း ကိုးမိုင် အကျဉ်းသား ဆန္ဒထုတ်ဖော်မှု၌ သေနတ် ဒဏ်ရာ ရရှိသွားသူအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ကာ အထူး ကြပ်မတ် ကုသလျက် ရှိသည်ဟု သိရသည်။

 စက်တင်ဘာ၁၄ ရက်က အခင်းဖြစ်ပွားခဲ့ ပြီးနောက် ဒဏ်ရာ ရရှိခဲ့သည့် လူ ၇ဦးအနက် သေနတ် ဒဏ်ရာရရှိခဲ့သူ ဟူစိန်နှင့် သန်းနိုင်စိုးအား ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ၊ ဇော်လွင်အား မြိတ်ဆေးရုံသို့ စက်တင်ဘာလ ၁၅ ရက်နေ့က ပို့ဆောင် ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ သေနတ်ဒဏ်ရာရရှိထားတဲ့ ဟူစိန်ကိုတော့ ထားဝယ်ဆေးရုံကို ပို့ပြီး ၁၅ ရက်နေ့ကပဲ ခွဲစိတ်ခဲ့ပါတယ်။” ဟု အကျဉ်းထောင်အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရ လူနာများအား ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်မြတ်၊ အရိုး အထူးကုဆရာဝန် ဒေါက်တာ သန်းထိုက်တို့က ကြပ်မတ်ကုသနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာ၁၅ရက်၌် အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး စံမောင်က အကျဉ်းထောင်အတွင်း လိုက်လံ စစ်ဆေးမှု ပြုလုပ် နေစဉ် အကျဉ်းသား ရဲရင့်အောင်မှ သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့် တောင်းခံခဲ့ကြောင်း၊ အကျဉ်းသား ခင်မောင်လတ်က လူ့အခွင့် အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးပေးရန် တောင်းဆို ထားကြောင်း သိရသည်။ 

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအေးသွယ် ကလည်း တရားဥပဒေနှင့် အညီ တောင်းဆိုမှုပြုဖို့ အကျဉ်း သားတွေကို ပြောကြားထားတာ သိရပါတယ် ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

ကော့သောင်း ကိုးမိုင် အကျဉ်းထောင် အတွင်း၌ အမျိုးသား ၅၆၁၊ အမျိုးသမီး၅၅ ၊ စုစုပေါင်း အကျဉ်းသား ၆၁၆ ဦးရှိသည်ဟု သိရှိရသည်။

ထို့အတူ အကျဉ်းသားများ အနေဖြင့် ထောင်တွင်းနှင့် ပြင်ပ ဆက်သွယ်ထားသည့် အသံဖိုင်ကို သတင်းဌာန တစ်ခုသို့ ပေးပို့ထားခဲ့ခြင်း ဖြစ်ကြောင်း ထိုကဲ့သို့ ထောင်တွင်းမှ အကြောင်းအရာများအား ထုတ်ဖော် ပြောဆိုမှုနှင့် ပတ်သက်၍ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ တားမြစ် ထားသည်ဟု သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများ ကလည်း အရေးယူ ဆောင်ရွက်ပေးရန် အတွက် တနသာင်္ရီ တိုင်းရုံးနှင့် ခရိုင်ရုံးများသို့ အကြောင်းကြားစာ ပေးပို့ထားသည်ဟု ဒေသခံနိုင်ငံရေး ပါတီ အသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ 

ကော့သောင်း ကိုးမိုင်အကျဉ်းထောင် ဆန္ဒထုတ်ဖော်မှုအတွက် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုကလည်း ဖြစ်စဉ် အကျဉ်းကို မှန်မှန်ကန်ကန်တင်ပြနိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားစာ ပေးပို့ထားသည်ဟု သိရရှိသည်။

တနသာင်္ရီတိုင်း ဒေသကြီး ရဲမှူးကြီး ကြည်လင်း၊ တိုင်းဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးသွယ် ၊ နယ်စပ် လုံခြုံရေး ၀န်ကြီး ဦးဇော်လွင်နှင့် တနသာင်္ရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို တို့မှ ကော့သောင်းမြို့နယ် ကိုးမိုင် အကျဉ်းထောင်အတွင်း ဖြစ် ပွားခဲ့သည့် ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များအား မေးမြန်း စုံစမ်းခဲ့ကြောင်း ဖြစ်စဉ်အား တင်ပြရန် ညွှန်ကြားထားကြောင်း၊ ဒဏ်ရာရရှိသူများအား အထူးကြပ်မတ် ကုသရန် ညွန်ကြား ထားသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ကော့သောင်း အကျဉ်းထောင် အတွင်း၌ ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများ အကြား ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ထောင်အာဏာပိုင်များက မီဒီယာများသို့ မှားယွင်းသော သတင်းများ ပေးပို့သောကြောင့် မကျေမနပ်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်းက ထောင်တွင်း ဆန္ဒပြမှုများ ဖြစ်ပွားလျက် ရှိကြောင်းသိရရှိသည်။

ယင်းကဲ့သို့ ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားနေသောကြောင့် ထပ်မံ ပစ်ခတ်မှုများဖြစ်ပွားမည်ကို အကျဉ်သား မိသားစု များနှင့် မြို့ခံများက စိုးရိမ်လျက် ရှိကြောင်း မီဒီယာများမှ သတင်းထုတ်ပြန်မှု အရ သိရှိရသည်။

စက်တင်ဘာ(၁၃)ရက်က ကော့သောင်း ကိုးမိုင်ထောင် အတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်ရပ်ကြောင့် ထောင် အာဏာပိုင်များ ပစ်ခတ် ထိန်းချုပ်ခဲ့ရာမှ သေဆုံးသူများ ရှိသလို ဒဏ်ရာရသူများလည်း ရှိခဲ့ သည်ဟု ပေါ်ထွက်ခဲ့သည့် သတင်းများ အရ သိရှိရသည်။
Post 16 September 2013
By ဗညား(မြစ်မခ)


0 comments: