Thursday, September 26, 2013

“တနေ့ ၂၀၀ ကျပ်”

တနေ့ကို ၂၀၀ ကျပ်နှုန်းသည် များလှသည်ဟု မဆိုသာ ဟု လူအများစုက ထင်ကြပေလိမ့်မည်။ ကျွန်တော်တို့ တွက်ကြည့်ကြ ရအောင်။ အကယ်၍ တနှစ်လုံးသာပေး ရမည်ဆိုလျှင် ... ၃၆၅ ရက် x ၂၀၀ ကျပ် = ၇၃၀၀၀ ကျပ် ကျသင့်ပါမည်။ 



ဒီမနက် လက်ဘက်ရည်ဆိုင်မှာ ကော်ဖီသောက်နေတုန်း အတူထိုင် ညီငယ်တယောက်က ငြီးပြတယ် “အကို… ခေါင်းရွက် ဗျတ်ထိုးဈေးသည် တယောက်ရဲ့ ဈေးကောက်က မတရားများတယ်”တဲ့။ ကျွန်တော်က ဘယ်လောက် မို့လဲလို့ ပြန်မေးတော့ သူက “တနေ့ ၂၀၀ ဆိုတာ ကြည့်လိုက်ရင် မများသလိုဘဲ” တဲ့ “တွက်ကြည့်လိုက်ရင် တနှစ်ကို ၇၂၀၀၀ ကျတယ် အကို”တဲ့။ သူက အကြမ်းဖျင်း တွက်ပြတယ်။ “ဘယ်ဆိုင်ကြီးတွေကများ စည်ပင်ခွန်ကို အဲလောက်ဆောင်ရ လို့လည်း” တဲ့။ “၂၀၀ ဆိုတာ တောင်းတလုံး ဗန်းတချပ်စာဘဲရှိတာ။ တောင်း ၂ လုံး ၃ လုံးဖြစ်သွားရင် ၂၀၀ မကတော့ဘူး အကို” တဲ့။

သူ့စကားတွေက ကျွန်တော့ကို တနေ့လုံး အနားမပေးတော့။ “ဆင်းရဲသားပပျောက်ရေး” ဆိုတဲ့ အသံက ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်။

နေ့လည်လောက်မှာ အသိ တယောက်နဲ့ တွေ့တော့ မေးကြည့်တယ် “မင်းတို့ဆိုင် စည်ပင်ခွန် ဘယ်လောက် ကျလဲလို့ ” “၃၅၀၀၀” တဲ့။ “အများကြီး သက်သာတာဘဲလို့”မနက်တုန်းက ဟာကို သတိတရတွေးပြီး ပြောလိုက်တော့ “ဟင်… ဘာနဲ့နှိုင်းပြီး ပြောတာလဲ” တဲ့။ “ဗျတ်ထိုးဈေးသည်နဲ့” လို့ ကျွန်တော်ပြန်ပြောပြလိုက်တော့ သူလည်း စဉ်းစားသွားရတယ်။

ကဲ … ခေါင်းရွက်ဗျတ်ထိုးဈေးသည် တယောက်ရဲ့ ၁ နှစ်စာ စည်ပင်ခွန်က ၇၀၀၀၀ ကျော် ကျသင့်နေတာ များတယ်လို့ မထင်ကြဘူးလား။ အခု သမ္မတကြီး ဖွဲ့ထားစေတဲ့ “မြို့နယ်စည်ပင် သာယာရေး အထောက်အကူပြု ကော်မတီ” ရေ…။ ဒီအပတ် အစည်းအဝေးမှာ စဉ်းစားစရာ ခေါင်းစဉ်တခုဖြင့် စဉ်းစားပေးမည်ဆိုလျှင် လွန်စွာကျေးဇူးတင်ပါမည့် အကြောင်း။

ဒီ post ကိုရေးရာမှာ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မီတီ နှင့် မြို့နယ်စည်ပင် သာယာရေး အထောက်အကူပြု ကော်မတီ တို့ဖတ်မိစေရန် ဦးတည်ပြီးရေး ပါတယ်။ အဖွဲ့ ၂ ဖွဲ့လုံးက ပြည်သူ့ ကိုယ်စားပြု၊ မြို့နယ်ကိုယ်စားပြုအဖွဲ့တွေကိုး။

(Written by ညီသွေး-25-9-2013)

1 comments:

Unknown said...

စည်ပင်ဝန်ထမ်းတွေငြိမ့်ငြိမ့်လေးနဲ့အပေးအယူတည့်နေတာကို:-) မြင်မိတဲ့ko myeiktar