Thursday, September 26, 2013

ကော့သောင်းထောင် ရှင်းတမ်း



အကျဉ်းထောင်ဟူသည်မှာ အကျဉ်းသားများကို ချုပ်နှောင်ရန် အလို့ဌာ နိုင်ငံတော် အစိုးရက ညွန်ကြားချက်ဖြင့် ယာယီ ( သို့ ) အမြဲချုပ်နှောင်ထားသော နေရာဌာနကိုဆိုပေသည် လို့ ၁၈၉၄ခုနှစ် ၊ အကျဉ်းထောင်များအက်ဥပဒေ ၊ ပုဒ်မ ( ၃ ) မှာ အဓိပါယ်ရှင်းလင်းထားတယ် ။ ဆိုလိုချင်တာကတော့ အကျဉ်းထောင်ဟာ သာမန်ရပ်ကွက်တစ်ခု မဟုတ်၊ ရွာတစ်ရွာမဟုတ်။ ၁၈၈၂ ခုနှစ် ပြစ်မူ့ကျင့်ထုံးဥပဒေ ပုဒ်မ၅၄ အရ ၊ အစိုးရအာဏာပိုင် ပုဂိုလ်က အထုးသတ် မှတ်ထားရှိတဲ့ နေရာဖြစ်တယ် ။ 

 



အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ အများစုဟာ ဥပဒေကို ချိုးဖောက်လာတဲ့ သာမန် မဟုတ်တဲ့ ၊ သာမန်ထက် လွန်ကဲသူတွေဖြစ်တယ်။ လူသတ်မူ့၊ မဒိန်းမူ့ ၊ လုယက်မူ့၊ ဓါးပြမူ့ ၊ မူးယစ် ဆေးဝါးမူ့ ၊ ခိုးမူ့တွေနဲ့ ထောင်ကျလာသူတွေဟာ အကျဉ်းထောင်တိုင်း မှာ အများစုဖြစ်တယ် ။ ဒီလိုလူမျိုးတွေ စုရုံးထားရှိတဲ့ နေရာတစ်ခုကို ထိန်းသိမ်းအုပ်ချုပ် ရတဲ့ နေရာမှာ ဥပဒေ ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ သာ အုပ်ချုပ်မှ ရတယ် ။

ကော့သောင်းထောင် ဖြစ်စဉ်ဟာ အကျဉ်းသား နှစ်ယောက် ခိုက်ရန်ဖြစ်ပွားတာကို သွားရောက် တားဆီးတဲ့ ထောင်ဝန်ထမ်း နှစ်ယောက်ကို ဦးတည်ပြသနာရှာပြီး ထောင်ဆူဖို့ ၊ ထောင်ဖောက် ဖို့ကြံရွယ်တဲ့ ဖြစ်စဉ်ဖြစ်တယ်။ ထိန်းသိမ်းမရအောင် ဆူပူအုံကြွလာတော့ ဗဟိုကင်းတာဝန်ကျ ၀န်ထမ်းက အမိန့်နဲ့ဥပဒေအရ ပစ်ခတ်နှိမ်နှင်းတယ် ။ တစ်ယောက်သေပြီး ၊ တစ်ယောက်ဒဏ် ရာ ရသွားတယ်လို့ သိရတယ် ။

ဆိုရှယ်မီဒီယာတွေမှာ ဖြစ်စဉ်အစက အကျဉ်းသား နှစ်ယောက် ညီအကိုချင်း ရန်ဖြစ်ကြတာပါ လို့ဆိုတယ် ။ ရပ်ကွက်ထဲမှာ ခိုက်ရန် ဒေါသဖြစ်ပွားရင် ရဲအက်ဥပဒေနဲ့ အရေးယူရသလို ၊ အကျဉ်းထောင်ထဲမှာ ခိုက်ရန် ဖြစ်ပွားရင်လည်း အကျဉ်းထောင် ဥပဒေနဲ့ တားဆီးအရေးယူ ရတယ် ။ ညီအကိုချင်း ခိုက်ရန်ဖြစ်ပွားတာပါလို့ ခပ်ပေါ့ပေါ့ပြောလို့ မရဘူး ။ အဲ့လိုသေးသေး လေးတွေကနေပြီး ထောင်ဆူတာ ၊ ပုန်ကုန်တာ ၊ ထောင်ဖောက်တာ စတဲ့ ပြစ်မူ့အကြီးကြီး တွေ အမြဲဖြစ်သွားလေ့ရှိတယ် ။ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၈၀၉ ( ၂ ) မှာ အကျဉ်း သား တစ်စုံတစ်ယောက်နှင့် စကားများ ငြင်းဆိုခြင်းလို့ ပြဌာန်းထားသလို ၊ ပူဒ်မ ၈၀၈ ( ၂ ) မှာလည်း တိုက်ခိုက်မူ့များ ၊ မတရား အင်အားသုံးမူု့များလို့ ပြတယ် ၊ ဒါ့အပြင် ပုဒ်မ ၄၅ ပုဒ်မခွဲ ( ၂ ) မှာလည်း ရိုက်နှက်ထိုးပုတ်ခြင်း ၊မတရားသဖြင့် အင်အားအသုံးပြုခြင်းလို့ ပြဌာန်းထားတာတွေရှိတယ် ။ အက်ဥပဒေပုဒ်မ ၄၅ အရ အကျဉ်းသားမှ ကျုးလွန်လျှင်အရေး ယူရတဲ့ ပြစ်မူ့များဖြစ်တယ် ။

ဒုတိယနောက်ဆက်တွဲ ဖြစ်လာတာကတော့ သွားရောက် တားဆီး အရေးယူတဲ့ အကျဉ်းထောင် ၀န်ထမ်းနှစ်ယောက်ကို ရုတ်ရုတ်သည်းသည်း ဖြစ်ပွားနေမူ့အား အခွင့်ကောင်းယူပြီး ပြသနာ ရှာ ထောင်ဆူပူ အုံကြွဖို့ ကြံတဲ့ အကျဉ်းသားဆိုး အချို့ရဲ့ စနက်နဲ့ဖြစ်လာခဲ့တယ် ။ ဆိုရှယ် မီဒီယာတွေ ကတော့ ထောင်ဝန်ထမ်း နှစ်ယောက်က ရန်ဖြစ်တဲ့ အကျဉ်းသား နှစ်ယောက်ကို ရိုက်နှက်တဲ့ အတွက် အခြား အကျဉ်းသားတွေက ဆူပူတာလို့ရေးကြတယ် ။ အကျဉ်းထောင် အက်ဥပဒေ ၃၁၇ ( ဂ ) အရ အရာထမ်း ၊ အမူ့ထမ်းအား ( သို့ ) အခြားသူအား အကြမ်းဖက်ပြု လုပ်သော မည်သည့်အကျဉ်းသားကိုမဆို ဓားလွတ် ၊ လှံစွပ် ( သို့ ) အခြားလက်နက်များကို အသုံးပြုနှိမ်နှင်းခွင့်ရှိသည် ။ သို့သော် ယင်းသို့ဆောင်ရွက်သော အမူ့ထမ်းအနေဖြင့် ပြုလုပ် သူအား မဟန့်တားပါက ပြုလုပ်ခံရသူသည် အသက်ဘေး ၊ ကိုယ်အင်္ဂါချွတ်ယွင်း ထိခိုက်ခြင်း အပြင်းအထန် နာကျက်စေမည်ဟု ယုံကြည်ရန် အကျိုးသင့် အကြောင်းသင့် ဖြစ်မှသာလျှင်ပြု လုပ်ရမည် လို့ ပြထားတယ် ။ အဲ့ဒီအချိန်က ထောင်ဝန်ထမ်း နှစ်ယောက်အနေနဲ့ ဘယ်လို ပြသနာမျိုးကြုံခဲ့ ရပြီး ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ PE DE တွေက ရှင်းပြလာပါလိမ့်မယ် ။ အကြောင်းမဲ့ ရိုက်နှက်တာလား ၊ ဥပဒေအရ ထိန်းသိမ်းနှိပ်ကွပ်ခဲ့တာလားဆိုတဲ့အပေါ်မူတည် ပြီး ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ် ။

တတိယ နောက်ဆက်တွဲဖြစ်စဉ်ကတော့ ထောင်ဆူပူအုံကြွတာ ဖြစ်သွားခဲ့တယ် ။ ထောင်ဆူပူ တဲ့ အဓိက အကြောင်းရင်းတွေကတော့ အဓိကရုဏ်ကို အခြေယူပြီး ထောင်ဖောင်ဖို့ကြံရွယ် တာ ၊ အစုလိုက်အပြုံလိုက် ထွက်ပြေးဖို့ ကြံစည်တာ ၊ ထောင်အမူ့ထမ်းတွေကို ရန်ပြုတိုက် ခိုက်ဖို့ ကြံရွယ်တာလို့ ယေဘုယျ သတ်မှတ်လို့ရတယ် ။ ပုဒ်မ ၄၅ ပုဒ်မခွဲ ( ၁၆ ) အရ - ထွက်ပြေးရန် ကြံစည် ကြိုးစားခြင်း ၊ ကူညီရန် ကြိုးစားခြင်း ၊ ထွက်ပြေးခြင်းတွင် ကူညီပေး ခြင်း ၊ အခြားပြစ်မူ့ တစ်စုံတစ်ရာ ကျူးလွန်ရန် ကြံစည် ကြိုးစားခြင်းလို့ ပါရှိတယ် ။ အခုလို အကျဉ်းသားနှ စ်ယောက် ရန်ဖြစ်တာကို အခွင့်ကောင်းယူပြီး ဆူပူတာ လောက်ကိုထားလိုက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ၀င်တော့ အပင်တွေလဲ ၊ မီးကြိုးတွေပြတ်ပြီး အင်းစိန်ထောင် မှာ ရေပြတ်လပ်မူ့ဖြစ်တာကို အခွင့်ကောင်းယူတဲ့ အကျဉ်းသားဆိုး အချို့က ကိုယ်နေတဲ့ အဆောင်ကို ကိုယ်တိုင် မီးတင်ရှို့ကြပြီး ထောင်ဖောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ် ။ အခုလို နယ်စပ်နဲ့နီးကပ်တဲ့ ကော့သောင်းထောင် ဆူပူပြီး ထောင်ပွင့်သွားရင် ထောင်ထဲက မ တစ်ထောင်သား လူစွမ်းကောင်းများဟာ နယ်စပ်တလျှောက် ပြန့်ကျဲ ပလဲ ကုန်မှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အများထိခိုက်နိုင်တဲ့ အခြေအနေကိုလည်း ထည့်သွင်းတွက်ချက်ကြဖို့ လိုတယ် ။

နောက်ဆုံး ဖြစ်စဉ်မှာတော့ ထိန်းမရအောင် ဆူပူအုံကြွ သွားပြီဖြစ်တဲ့ အကျဉ်းသားအချို့ အပေါ် အထက် အမိန့်နဲ့ ဥပဒေအရ ဗဟိုကင်းတာဝန်ကျ ၀န်ထမ်းက သေနတ်နဲ့ပစ်ခတ် နှိမ်နှင်းရတဲ့အထိ ဖြစ်သွားတယ် ။ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ ( ၃၁၇ ) ( ခ ) မှာ အကျဉ်းထောင်တွင်း စုပေါင်း တိုက်ခိုက်မူ့များ ( သို့ ) အပြင် တံခါးမကြီး ( သို့ ) ခြံခတ်ထား သည့် အုတ်နံရံအား တွန်းချိုးဖျက် ဖောက်ထွင်းရန် ၊ ဖွင့်လှစ်ရန် ကြိုးပမ်းခြင်း တို့ကိုပြုလုပ် ရန် ကြိုးပမ်းသော အကျဉ်းသားတို့ အပေါ်တွင် မည်သည့်လက်နက်ကို မဆို အသုံးပြုနိုင် သည် ။ ယင်းလက်နက်များကို ဆူပူသောင်းကျန်း တိုက်ခိုက်မူ့များ ( သို့ ) ကြိုးပမ်းမူ့များ ဆက်လက်ပြူလုပ်မူ့ပြီးဆုံးသည့်အထိ အသုံးပြုနိုင်သည်လို့ အတိအလင်း ပြဌာန်းထားပါ တယ် ။ အဆုံးသတ် ရလာဒ်ကတော့ ဆူပူအုံကြွသူတွေထဲက အကျဉ်းသား တစ်ယောက်သေ ဆုံးပြီး ၊ အခြားတစ်ယောက် ဒဏ်ရာရရှိသွားခဲ့တယ် ။ အကျဉ်းထောင်တွေနဲ့ အကျဉ်းဦးစီး ဌာနဟာ ကိုလိုနီခေတ် ၊ ဖဆပလခေတ် ၊ မဆလခေတ် ၊ န၀တ ခေတ်တွေရဲ့ အရိပ်မည်း ထိုးခြင်းကို အခု လက်ရှိ ဒီမိုကရေစီခေတ် အထိ ခံစားနေရ တယ် ။ ဒီမိုကရေစီ အစိုးရတက်လာချိန် ကစပြီး ထောင်တွင်း တရားပွဲတွေ ၊ ၀ိပသနာတရား စခန်းတွေ နဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားတွေရဲ့ စိတ်ဓါတ်တွေကို ပြောင်းလဲပြုပြင်ပေးနေတာ တွေ ၊ ထောင်တွင်းက ပြစ်ဒဏ်ကျ အကျဉ်းသားတွေ အတွက် အင်္ဂလိပ်စာ စပီကင်သင်တန်း တွေ ၊ တရုတ်စကားပြော သင်တန်းတွေ ၊ လက်နက်မဲ့ စစ်ရေးပြသင်တန်းတွေ ၊ ကွန်ပြူတာ သင်တန်းတွေ အဆက်မပြတ် ဖွင့်ပေးပြီး အကျဉ်းထောင်က လွတ်မြောက်တဲ့ တနေ့လူရာ ၀င်အောင် လုပ်ပေးခဲ့တာတွေဟာ စိတ်မကောင်းဖွယ်ရာပဲ ဘယ်ဂျာနယ် ၊ ဘယ်သတင်းစာ မှာမှ ကြည်နူုးဖွယ်ရာ ပါလာတာ မဖတ်ခဲ့ရဘူး ။ အကျဉ်းသားတွေရဲ့ စိတ်ချမ်းသာ ပျော်ရွင် စေရေး ၊ မော်ဒယ်ရှိုးပွဲတွေ ၊ စတိတ်ရှိုးပွဲတွေ လုပ်ပေးခဲ့တာတွေ ပြောပြန်ရင်လည်း ဟန် ပြ ပေါ်လစီပါလို့ ပြောကြတဲ့လူတွေ ပေါ်လာကြဦးမှာပါ ။

အရင် က ထောင် နဲ့ အခု ထောင်နဲ့ ဘာကွာသလဲ ။ ဘယ်လို ဆက်ဆံနေကြသလဲ ၊ ဘာ တွေလုပ်နေကြသလဲ ၊ အကျဉ်းထောင် အုပ်ချုပ်သူတွေမှာ ဘာအခက်အခဲတွေရှိလည်း ၊ ဘယ်လို အုပ်ချုပ်နေရလည်း ဆိုတာ ကိုယ်ချင်းစာနားလည် မပေးပဲ စာအုပ်တွေမှာ ဖတ်ထားရသလို ၊ ရုပ်ရှင်တွေမှာ ကြည့်ထားရသလို ၊ ထောင်ဝန်ထမ်း မှန်သမျှ အကျဉ်းသားတွေကို နှိပ်စက်နေတဲ့ လူဆိုးကြီးတွေ ၊ အကျဉ်းသားတွေဟာ ဘာမှမလုပ်တတ်ပဲ ၀န်ထမ်းတွေလုပ်သမျှ ခံနေရတဲ့ သနားစရာတွေ စသဖြင့် မြင်နေရင် တော့ ၀န်ထမ်းတွေ အနေနဲ့ လုပ်ရကိုင်ရတာ စိတ်ညစ်ဖွယ်ရာကောင်းလွန်းလှတယ် ။

ပြည်သူတချို့ အမြင်စောင်းနေကြသလို မဟုတ်ပဲ ဒီမိုကရေစီ ခေတ်  ထောင်ဝန်ထမ်းတွေဟာ သင်တန်းကျောင်းတွေ မှာ စနစ်တကျ ဥပဒေနဲ့ စစ်ပညာဘာသာ ရပ်တွေသာမက စိုက်ပျိုးရေး ဘာသာရပ် ၊ မွေးမြူရေး ဘာသာရပ် ၊ တိုင်းရင်းဆေးပညာဘာ သာရပ် ၊ အနောက်တိုင်း ဆေးပညာ ဘာသာရပ် စတဲ့ ဘာသာရပ်ပေါင်း များစွာကို သင်ကြား လာကြရတဲ့ အနာဂါတ် ပြည်သူ့ ၀န်ထမ်းကောင်း ဖြစ်ချင်ကြ သူတွေပါ ။

အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ ပြသနာဖြစ်လိုက်တိုင်း အုပ်ချုပ်ခံဘက်က မှန်ပြီး ၊ အုပ်ချုပ်သူတွေ က နှိပ်စက်နေကြပါတယ်လို့ပဲ ၊ တဘက်သက် စွပ်စွဲနေကြဦးမယ် ဆိုရင်တော့ - မပြောလိုတော့ပါဘူး ခင်ဗျာ ။

ခိုင်မြဲကျော်ကျော် https://www.facebook.com/khaingmyalkk

( ၂၆ ၊ ၉ ၊ ၂၀၁၃ )

0 comments: