Tuesday, September 24, 2013

ဗုဒ္ဓဘာသာဝင်များအား ထိမ်းမြားမည်ဆိုပါက ဘာသာပြောင်းလဲစေရေး လွှတ်တော်တင်မည်

ဘာသာခြား လူမျိုးများ အနေဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် အိမ်ထောင်ပြုမည် ဆိုပါက ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းပြီးမှသာ အိမ်ထောင်ပြုခွင့် ရမည်ဟု မျိုးစောင့်ဥပဒေ၌ ပါရှိကြောင်း၊ ၎င်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်နေသည်ဟု သာသန ဟိတရာမပုခန်းကျောင်းတိုက် တိုက်အုပ် ဆရာတော် ဦးကောဝိဒက မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သြဝါဒ ခံယူပွဲ၌ မိန့်ကြားလိုက်သည်။

 

ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် စသည့် ဘာသာဝင်များ အနေဖြင့် ၎င်းတို့ ဥပဒေတွင် ဘာသာခြားများနှင့် ထိမ်းမြား လက်ထပ်မည် ဆိုပါက အခြားဘာသာသို့ ကူးပြောင်းခွင့် မပြုသလို ၎င်းတို့၏ ဘာသာဝင် အဖြစ် တရားဝင် ကူးပြောင်းပြီးမှသာ လက်ထပ် ခွင့်ပြုကြောင်း၊ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အတွက် မိမိတို့ အဝန်း အဝိုင်းကို ခြံစည်းရိုးခတ် ကာကွယ်လိုသည့် အတွက် မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်း ဖြစ်သည်ဟု ဆရာတော် ဦးကောဝိဒက မိန့်ကြားလိုက်သည်။

 ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် ပန်းတနော်မြို့ အလယ်ပိုင်းရပ်ကွက် ပုခန်း ကျောင်းတိုက်၌ ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သြဝါဒ ခံယူခြင်း အခမ်းအနား၌ မိန့်ကြားခဲ့ ခြင်းဖြစ်သည်။

“ အိမ်တစ်အိမ်မှာ ခြံစည်းရိုး အကာမရှိရင် ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်နေကြမှာပ၊ဲ ဒါကြောင့် မျိုးစောင့် ဥပေဒဆိုတဲ့ ခြံစည်းရိုးနဲ့ ခတ်ပြီး ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရအောင် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ့်ခြံကို လုံအောင် ကာတာပါပဲ၊ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မျိုး မရှိပါဘူး၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတာလည်း မဟုတ်ပါဘူး” ဟု သာသနဟိတရာမ ပုခန်းကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးကောဝိဒက မိန့်သည်။

မြန်မာနိုင်ငံ အတွင်း၌ နေထိုင်ကြသော ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာဝင်များတွင် ၎င်းတို့ အမျိုးဘာသာ၊ သာသနာ ကာကွယ်နိုင်ရန် အတွက် အဆိုပါ ဘာသာများ၌ သူ့ဥပဒေနှင့် သူရှိပြီးသားဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များ အနေဖြင့်လည်း မိမိတို့ အမျိုးဘာသာ၊သာသနာကို ကာကွယ် စောင့်ရှောက်နိုင်ရန် ဥပဒေ ရှိသင့်သည့် အတွက် မျိုးစောင့် ဥပဒေကို ရေးဆွဲရခြင်း ဖြစ်သည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။

“ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက် ထဲမှာလည်း အမျိုးဘာသာ၊ သာသနာကို ကာကွယ်ပါ စောင့်ရှောက်ပါလို့ ဟောကြား ထားတဲ့အတိုင်း ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်၊ အကြမ်းဖက်လိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ပါဘူး၊ မိမိတို့ရဲ့ အမျိုး ဘာသာ သာသနာကိုသာ ကာကွယ်ခြင်း ဖြစ်ပါတယ် ” ဟု အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဗဟို တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ကုမာရက မိန့်ကြားသည်။

အဆိုပါ အခမ်းအနားသို့ ပန်းတနော်မြို့ရှိ ယွန်းကျောင်း၊ ကျိုက်ထီးရိုးကျောင်း၊ ပုခန်းကျောင်း၊ မြတောင်ကျောင်း၊ တံတားဦးကျောင်း၊ သီဟိုဠ်ကျောင်း အစရှိသည့် ကျောင်းများအပြင် ပန်းတနော် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း (၃၀၇)ကျောင်းမှ ရဟန်းသံဃာ အပါးတစ်ထောင်ခန့်နှင့် ပြည်သူလူထု တစ်သောင်း ကျော် တက်ရောက်ခဲ့သည်။

“ ဒီအဖွဲ့အစည်း ဖြစ်ပေါ်လာတာ ကိုယ့်အမျိုးဘာသာ သာသနာအတွက် အကျိုးရှိတဲ့ ကိစ္စလို့မြင်ပါတယ်၊ မျိုးစောင့် ဥပဒေ ဆိုတာကလည်း ဗုဒ္ဓဘာသာ မြန်မာ လူမျိုးတွေ အတွက်၊ အထူးသဖြင့် အမျိုးသမီးတွေ အတွက် ကာကွယ်ပေးတဲ့ ဥပဒေပါ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ်မယ့် အဖွဲ့အစည်းရော ဥပဒေပါ ရှိထားသင့်ပါတယ် ” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ တစ်ဦးက ဆိုသည်။

ပန်းတနော် မြို့နယ်လုံးဆိုင်ရာ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သြဝါဒ ခံယူခြင်း အခမ်းအနား၌ မြို့နယ် သံဃနာယက ဆရာတော်များ၊ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အတွက် သြဝါဒများ မိန့်ကြားခဲ့သလို၊ ၉၆၉ ရင်ထိုးများ ကိုလည်း ဝှေငှခဲ့သည်ဟု ပွဲတက်ရောက်ခဲ့ သူတို့က ဆိုသည်။

မြစ်မခမီဒီယာမှ ကူးယူဖော်ပြပါသည်


0 comments: