Monday, September 9, 2013

အထက(၃)မြိတ်၌ မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

၂၀၁၂-၂၀၁၃ ပညာသင်နှစ် မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ(၈)ရက် နံနက်(၉)နာရီတွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား /သူလေးများက မြန်မာကျောင်းသီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။

ရှးဦးစွာ ကျောင်းအုပ် ဆရာမကြီး ဒေါက်တာသင်းသင်းခိုင်က မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းတို့က အမှာစကား ပြောကြားကြသည်။ 




ထိုနောက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ငွေစာရင်း ရှင်းတမ်းများနှင့် မိဘဆရာ အသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာကို မိဘဆရာအသင်း အတွင်းရေးမှူးက ဖတ်ကြားတင်ပြပြီး ၂၀၁၂-၂၀၁၃ပညာသင်နှစ် အမှု ဆောင်အဟောင်း များနုတ်ထွက်ခြင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် အမှုဆောင် အသစ်များ ကို ရွေးချယ် တင်မြောက်ကြသည်။

ဆက်လက်၍ ကျောင်းခေါင်မိုး သွပ်ပြားများ ပြုပြင်လဲလှယ်ရန် အတွက် ကျောင်းသားဟောင်းများ၊ အလှူရှင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသားကျောင်းသူများမှ အလှူငွေ ၂၈၅၀၀၀၀ိ/ ပေးအပ် လှူကြရာ ကျောင်အကျိုးတော်ဆောင် အဖွဲ့မှ လက်ခံရယူသည်။

ယင်းနောက် ၂၀၁၂-၂၀၁၃ပညာသင်နှစ် အတွက် ပညာရည်ချွန် ဆုရရှိသူများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ သူများနှင့် ခွင့်ရက်မပျက် ဆရာ/မများအား ဂုဏ်ပြုဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား /သူလေးများက ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


IPRD MYEIK

0 comments: