Sunday, September 29, 2013

မြိတ်ခရိုင်လုံး ဆိုင်ရာ သာသနာ့ ၀ံသပါလ အဖွဲ့ ဖွဲ့စည်း

ဗုဒ္ဓဘာသာဝင်များ၏ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် သံဃာတော်များ ဦးဆောင်သော အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (သာသ နာ့ဝံသပါလအဖွဲ့) ဖွဲ့စည်းခြင်းနှင့် သြ၀ါဒ စရိယ ဆရာတော်ဘုရားကြီးများ ထံမှ သြ၀ါဒ ခံယူခြင်း အခမ်းအနားကို စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လည် (၁)နာရီအချိန် မြိတ်မြို့ တောကျောင်း ပရိယတ္တိ စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။ 


 
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍ ဖွင့်လှစ်ကြပြီး သြ၀ါဒစရိယ ဆရာတော်ကြီးများအား သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က သြကာသ ကန်တော့ချိုးဖြင့် ရှိခိုး ကန်တော့ကြသည်။ ယင်းနောက် သာသနာ့ဝံသပါလ အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သံဃနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိစာသင်တိုက်၊ မဟာဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇော ဘာသ (တောကျောင်း ပရိယတ္တိစာသင်တိုက်၊) ၊  နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ ၀ိမလ (ကန်သာ ကျောင်းတိုက်  ဆရာတော်) ၊ တနင်္သာရီတိုင်း ဒေသကြီး သံဃာ့နာယက အဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည (ကန်သာကျောင်း တိုက် ဆရာတော် ) တို့က သြ၀ါဒကထာများ မြွက်ကြားကြသည်။

ထိုနောက်  မြိတ်မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော်များနှင့် မြိတ် ခရိုင် အတွင်းရှိ မြို့နယ်များ၏ သံဃာ့နာယကအဖွဲ့ ကိုယ်စားလှယ် ဆရာတော်များက သာသနာတော် ထွန်းကား ပြန့်ပွားရေးနှင့် အဓွန့်ရှည်တည်တံ့ရေး အတွက် ဆွေးနွေးလျှောက် ထားကြသည်။ ထိုနောက် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ အရှင်သူမြတ်၏ အကြံပြု သြ၀ါဒကထာကို စန္ဒာရုံကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒောဘာသမှ ဖတ်ကြား သည်။

ဆက်လက်၍ အောင်မင်္ဂလာပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် ဂန္တ၀ါစကပဏ္ဍိတ သာသနာ တက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism) ဘဒ္ဒန္တ ဓမ္မ၀ံသ မှ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး နှင့်စပ်လျဉ်း၍ အတွေ့အကြုံများနှင့် အမျိုး၊ ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ချမှတ်ထားသော လုပ်ငန်းစဉ်များကို ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ကမ်းသာယာ ကျောင်းဆရာတော် ဘဒ္ဒန္တ ဒေ၀ိန္ဒက မြိတ်မြို့နယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းထားမှုများ အတည်ပြုချက် ရယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိ ဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ င်ငံတော်သံဃနာယက အဖွဲ့ဝင် ဆရာတော်နှင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့မှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေး ပါတီဝင်များ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ စိတ်ဝင်စားသူ ပြည်သူများ (၁၅၀၀) ဦးခန့်  တက်ရောက်ကြသည်။

“ ဒီအဖွဲ့အစည်းဖြစ်ပေါ်လာတာ ကိုယ့်အမျိုး ဘာသာ သာသနာအတွက် အကျိုးရှိတဲ့ ကိစ္စလို့မြင်ပါတယ်၊ မျိုးစောင့် ဥပဒေဆိုတာကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အတွက်၊ အထူးသဖြင့် အမျိုးသမီးတွေ အတွက် ကာကွယ်ပေးတဲ့ ဥပဒေပါ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ်မယ့် အဖွဲ့အစည်းရော ဥပဒေပါ ရှိထားသင့် ပါတယ် ” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်သူတစ်ဦးက ဆိုသည်။

အဆိုပါ အဖွဲ့ကို မြန်မာ တစ်နိုင်ငံလုံးတွင် အမျိုး သာသာ သာသနာ ကာကွယ် စောင့်ရှောက်နိုင်ရန် အတွက် ဖွဲ့စည်းလျက် ရှိပြီး “ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်ထဲမှာလည်း အမျိုးဘာသာ၊ သာသနာကို ကာကွယ်ပါ စောင့်ရှောက်ပါလို့ ဟောကြား ထားတဲ့အတိုင်း ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်၊ အကြမ်းဖက် လိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ မဟုတ်ပါဘူး၊ မိမိတို့ရဲ့ အမျိုး ဘာသာသာသနာကိုသာ ကာကွယ်ခြင်းဖြစ် ပါတယ် ” ဟု အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ ဗဟို တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုမာရက ပန်းတနော်မြို့တွင် ဖွဲ့စည်းစဉ်က  မိန့်ကြားခဲ့သည်။

0 comments: