Sunday, September 15, 2013

ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တားထိန်းသိမ်းနိုင်ခဲ့



ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တားထိန်းသိမ်းနိုင်ခဲ့
နေပြည်တော် စက်တင်ဘာ ၁၄

ကော့သောင်းမြို့ အကျဉ်းထောင်၌ ယမန်နေ့ ညပိုင်းက ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှု တစ်ခုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ဟန့်တား ထိန်းသိမ်းနိုင်ခဲ့သဖြင့် ထွက်ပြေး လွတ်ပြေးသူ မရှိကြောင်း သိရှိရသည်။



ကော့သောင်းမြို့နယ် တရားရုံးမှ ယမန်နေ့တွင် ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ပြစ်ဒဏ် ချမှတ်ခြင်း ခံရသော ရဲကိုလှိုင်နှင့် ညီညီလှိုင်တို့ ညီအစ်ကိုနှစ်ဦးနှင့် အကျဉ်းသား ထွန်းထွန်းကို(ခ) ထွန်းထွန်းမြင့်တို့ ည ၈ နာရီခွဲခန့်တွင် စကားများပြီး ရန်ဖြစ်ရာမှ အစပြု၍ ကော့သောင်း အကျဉ်းထောင် အမျိုးသားနှစ်ထပ် အိပ်ဆောင်(၁) အပေါ်ထပ်ရှိ အခန်း(၄)အတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း။ ယင်းသို့ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ အိပ်ဆောင်(၁) အခန်း (၃) နှင့်(၄)တို့ရှိ အကျဉ်းသားများက ဆူပူမှုဖြစ်အောင် ဖန်တီးခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ဥပဒေနှင့်အညီ နေထိုင်ကြရန်၊ ဆူပူမှုမပြုလုပ်ရန် လက်ကိုင်အသံချဲ့စက်ဖြင့် ထိန်းသိမ်းနေစဉ် အကျဉ်းသားအချို့က ခေါင်မိုး(အမိုးသွပ်)အား ဖောက်ထွက်ခြင်း၊ အိပ်ဆောင်တံခါးများအား ဖျက်ဆီးခြင်း၊ အိပ်ဆောင်(၁) ပေါ်ထပ်ရှိ ကော်ရစ်တာ၊ အိပ်ဆောင် (၂)အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှို့ခြင်း၊ လျှပ်စစ်မီးဆလိုက်များအားခဲဖြင့် ပစ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ အကျဉ်းထောင်ဆူပူမှုကို အရှိန်မြှင့်ကာ ထောင်ဖောက်ရန် ကြိုးစားခဲ့ကြကြောင်း သိရသည်။
 
အချုပ်သား/ အကျဉ်းသားများက အကျဉ်းထောင် တာဝန်ရှိသူတို့၏ ထိန်းသိမ်းမှုကို လိုက်နာခြင်းမရှိဘဲ ခဲများ၊ ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ထို့နောက် အိပ်ဆောင်ခေါင်မိုးအား ဖျက်ဆီးဖောက်ထွက်ပြီး အကျဉ်းထောင် အတွင်းဘက် အုတ်ရိုးအထိ ရောက်ရှိလာသဖြင့် အကျဉ်းထောင် လုံခြုံရေးအဖွဲ့က ပွိုင့် ၃ဝ၃ ရိုင်ဖယ်နှင့် ဘီအေ ၅၂ စတင်းတို့ဖြင့် သတိပေးပစ်ခတ် ထိန်းသိမ်းခဲ့ကြကြောင်း သိရသည်။

ည ၉ နာရီခွဲခန့်တွင် ဖြစ်စဉ်နေရာသို့ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ ရောက်ရှိပြီး အကျဉ်းထောင် လုံခြုံရေးအဖွဲ့နှင့် အတူ ပိတ်ဆို့ ထိန်းသိမ်းနိုင်ခဲ့ပြီး အိပ်ဆောင်ပြင်ပသို့ ရောက်ရှိနေသော အကျဉ်းသားများအား ပြန်လည်စုစည်း၍ မီးငြှိမ်းသတ်နိုင်ခဲ့ကာ အကျဉ်းထောင်အား ငြိမ်သက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လျှပ်စစ်မီး များလည်း ပြန်လည် ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် အချုပ်သား တစ်ဦး သေဆုံးခဲ့ပြီး အချုပ်သား နှစ်ဦးနှင့် ထောင်သား ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရ ရှိသူများအား ကော့သောင်းမြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးဝါးကုသပေးလျက် ရှိကြောင်းနှင့် ထောင်ဆူပူမှုဖြစ်စေရန် ဖန်တီးပြီး ထောင်ဖောက်ထွက်ရန် ကြိုးစားခဲ့ သူများအား ဖော်ထုတ်ပြီး ဆက်လက် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)
ဓာတ်ပုံ - မြိတ်အကျဉ်းထောင်၌ ထောင်လှန့်ဇာတ်တိုက် လေ့ကျင့်စဉ်

0 comments: