Friday, September 13, 2013

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်သူလူထုအား တွေ့ဆုံ

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း သည် ယနေ့မွန်းလွဲ (၁၂း၃၀)နာရီတွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ လွှတ်တော် ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ခရိုင်/ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင် များအား တွေ့ဆုံ၍ တက်ရောက် လာကြသူများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။



တွေ့ဆုံပွဲသို့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌများ၊ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးထင်အောင်ကျော် ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ အတွင်းရေးမှူး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က အမှာစကားပြောကြား ရာတွင် မြိတ်ဒေသကို ပြည်သူဆန္ဒများ၊ ပြည်သူများ၏အသံကို နားထောင်ရန် ပြည်သူ့လိုအပ်ချက်မျာူးကို ကြားသိနိုင်ရန် အတွက် ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ လွှတ်တော်ထဲမှာ ပြည်သူ့အသံ လွှတ်တော်အသံ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက်ကို လွှတ်တော်၏ဆောင်ပုဒ် အတိုင်း လွှတ်တော်က ဖော်ဆောင်လျက် ရှိပါကြောင်း၊ ခေတ်သစ်စနစ်သစ်မှာ အမိန့်ညွှန်ကြားချက်နှင့် အုပ်ချုပ်လို့မရကြောင်း၊ ဥပဒေနှင့်အညီအုပ်ချုပ်ရကြောင်း၊ ဒီဥပဒေတွေက ပြည်သူများ၏ ဆန္ဒ၊ ပြည်သူများ၏သဘောထား၊ ပြည်သူများ၏ လိုလားချက်မှ ဆင်းသက်လာ တာဖြစ်ကြောင်း ၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ လိုအပ်ချက် အကြောင်းအရာများကို ပွင့်ပွင့် လင်းလင်း တင်ပြစေလိုကြောင်း နုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသော မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထေက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ က ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး ကဏ္ဍများကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ က တိုင်းဒေသကြီး လွှတ်တော်က ပြည်သူ့အသံ ပြည်သူ့ လိုအပ်ချက်များ ဆောင်ရွက်ပေးလျက် ရှိသည်များနှင့် တိုင်း ဒေသကြီး ၀န်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ပြည်သူများ အတွက် ဒေသဖွံ့ဖျြိးရေးဆောင်ရွက်ပေး လျက်ရှိ သည်များကို ရှင်းလင်း တင်ပြ ကြသည်။

ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယက က တင်ပြချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားရုပ်သိမ်းလိုက်သည်။ အခမ်းအနား အပြီး တွင် ပြည်ထောင်စု လွှတ်တော် နာယကသည် ပြည်သူလူထုအား ရင်းရင်းနီးနီး တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

IPRD MYEIK

0 comments: