Monday, July 1, 2013

ယာဉ် ရပ်နားခွန် တရားမ၀င် ကောက်ခံ

တာဝန်တစ်ခုဖြင့် မြိတ်လေဆိပ်ကို ယနေ့ သွားရောက်ခဲ့သည်။ မြိတ်လေဆိပ် ခြံစည်းရိုး၏ အပြင်ဘက် ၀င်ပေါက်နား စည်ပင်သာယာပိုင် လမ်းမ၏ လမ်းဘေးတွင် စီးနင်းလာသော မော်တော်ဆိုင်ကယ်အား ရပ်ထား၍ လေဆိပ်ဝင်းမှ တဆင့် အဆောက်အအုံသို့ သွားရောက်ခဲ့ပါသည်။ အလုပ်ကိစ္စပြီး၍ မော်တော် ဆိုင်ကယ် ရှိရာသို့ ပြန်လာပြီး ထွက်မည် လုပ်သည့်အခါ ငွေကျပ် ၂၀၀ တောင်းခံသူ ရောက်လာသည်။ မိမိမှာ လေဆိပ်ပိုင် ဧရိယာအတွင်း ရပ်နားခြင်း မဟုတ်သလို ရန်ကုန်မြို့ လေဆိပ်မှာလည်း လေဆိပ် ဧရိယာ အတွင်း ယခင်က ၀င်ရောက်ပါက မော်တော်ယာဉ် တစ်စီး ငွေကျပ် (၂၀၀) ပေးဆောင်ရသော်လည်း ယခု ကောက်ခံခြင်း မရှိတော့၍ မည်ကဲ့သို့ ဖြစ်သည်ကို မေးမြန်းရာ လေကြောင်း ဦးစီးမှ ကောက်ခိုင်းသည်ဟု မချေမငံ ပြောဆိုကာ ရန်လုပ်ခြင်း ခံရပါသည်။ ထို့အပြင် မြို့ထဲမှာလည်း ဒီလိုပဲ ကောက်ခံ နေတာပဲဟု ပြန်လည် ပြောဆိုခြင်း ခံရပါသည်.။
 
 ကောက်ခံသူမှာလည်း စည်ပင်သာယာ ဈေးတွင် ၀တ်စုံဖြင့် စနစ်တကျ ကောက်ခံခြင်းမျိုး မဟုတ်ဘဲ အနီးအနားမှ ကြုံသလို ကောက်ခံ နေသလို ဖြစ်နေသည်။ လိုင်စင်ရ ကောက်ခံ နေတာလား ၊ ကိုယ်ကျိုးအတွက် ကောက်ခံနေတာလားတော့ မသိပါ။ ရန်ကုန်မြို့ လေဆိပ်မှာပင် ၀င်ကြေး ကောက်ခံခြင်း မရှိပဲ နယ်မြို့ ဖြစ်နေသည့် မြိတ်မြို့ လေဆိပ်တွင် ကောက်ခံနေသည်မှာ ပြုပြင် သင့်သည်ဟု ထင်သာမြင်သာ ကဏ္ဍမှ တင်ပြလိုက်ရပါသည်။
 
 (မိုးသောက်-မြိတ်) ဇွန် (၂၉)ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၂)
 
 


 

0 comments: