Wednesday, July 31, 2013

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကျွန်းစုများတွင်လုပ်ကိုင်ခွင့်ပြုမည်


ပြည်တွင်းရှိ အသုံး မပြုဖြစ်သော ကျွန်းများ ကို ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ လျှောက်ထား တင်ပြလာလျှင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိပါက ခွင့်ပြု ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အထွေထွေ အတွင်းရေးမှူး သူရ ဦးသောင်းလွင်က ပြောသည်။

မကြာမီ ကာလကပင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်ရန် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်း ခရိုင်ရှိ ဖီလာကျွန်းနှင့် ငါးမန်းကျွန်း များကို မြန်မာနိုင်ငံ ရင်းနှီးမှု ကော်မရှင် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ကျော်ဝင်းဖြိုးမောက် ကုမ္ပဏီနှင့် Mokan International Co.,Ltd. တို့ကို ဖက်စပ် လုပ်ကိုင်ရန် BOT စနစ်ဖြင့် နှစ်၅ဝ ငှားရမ်းလုပ် ကိုင်ခွင့်ပြု ခဲ့သည်။

ရင်းနှီး မြှုပ်နှံမှု ကော်မရှင် အနေဖြင့် မည်သည့် ကျွန်းကို လုပ်ကိုင်ခွင့်ပေးမည်ဟု သတ်မှတ်ထား ခြင်းမျိုး မရှိကြောင်း၊ လုပ်ငန်းရှင်များ လျှောက်ထား တင်ပြသည့် ကျွန်းကို တင်ပြချက်များ အပေါ်မူ တည်၍ လုပ်ကိုင် ခွင့်ပေးသင့် မပေးသင့် စဉ်းစား ရွေးချယ် ပေးခြင်းဖြစ်ကြောင်း သူရ ဦးသောင်းလွင် ကပြောသည်။

လုပ်ငန်း ဆောင်ရွက် ခွင့်ပြုရာတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု သာမက၊ လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိမရှိကိုပါ သုံးသပ်ပြီးမှ ခွင့်ပြုသွားမည် ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့် ကာလ သတ်မှတ်ချက်များ ကိုလည်း လျှောက်ထားမှု ပေါ်မူတည်ကာ ချထား ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျွန်းများကို အခြား လုပ်ငန်းများအတွက် ချထားပေးရန် လက်ရှိ အချိန် အထိ အစီအစဉ် မရှိသေးကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈ဝဝနီးပါးရှိပြီး ထိုဒေသနှင့် ကျွန်းစု များသည် နိုင်ငံခြားသား ခရီးသွားများကို များစွာ ဆွဲဆောင်လျက်ရှိသော်လည်း သွားလာရေး ခက်ခဲ မှု၊ နယ်ဂိတ် အဖြစ် သတ်မှတ်မှု အခက်အခဲ အချို့ ကြောင့် ဝင်ရောက် လည်ပတ်မှု နည်းနေသေးကြောင်း ဟိုတယ် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

ကော့သောင်း ခရိုင် အတွင်း ကျွန်းပေါင်း ၁၇၃ကျွန်း ရှိပြီး သူဌေးကျွန်းနှင့် ခက်ရင်းခွကျွန်း များတွင် နိုင်ငံခြား ရင်းနီးမြှုပ်နှံမှုဖြင့် ဟိုတယ် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။




0 comments: