Saturday, July 20, 2013

အာဇာနည်နေ့၌ နိုင်ငံတော် အလံဟောင်းဖြင့် တိုင်တစ်ဝက် တိတ်တဆိတ် လွှင့်ထူခဲ့မှု စခန်းသစ်ကျေးရွာတွင် ဖြစ်ပွား

ဇူလိုင်လ (၁၉) ရက်နေ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် စခန်းသစ် ကျေးရွာတွင် နိုင်ငံတော် အလံဟောင်း (၉)ခုဖြင့် နေရာ (၉)နေရာတွင် တိတ်တဆိတ် လာရောက် လွှင့်ထူ ထားမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


ယင်းနေ့ မနက် (၅)နာရီခွဲ အချိန်ခန့်တွင် စခန်းသစ် ကျေးရွာ အမှတ်(၁) ရပ်ကွက်ရှိ ကျေးရွာ စာကြည့်တိုက်ရှေ့နှင့် ဆံပင်ညှပ်ဆိုင်ရှေ့၊ ပြည်ခိုင်ဖြိုးရုံးရှေ့၊ ကျန်းမာရေး ဆေးခန်း အဆောင်သစ်ရှေ့၊ အထကကျောင်းရှေ့၊ ဆေးရုံကြီးရှေ့၊ ကြေးနန်းရုံးရှေ့၊ ရေဆိပ် တံတား၊ (၃) ရပ်ကွက် သဲသောင်ခုံ၊ အစရှိသော နေရာ (၉) နေရာတွင် ယခင် အလံဟောင်းများ တိုင် တစ်ဝက် လွှင့်ထူထားကြောင်း ရပ်ကွက်သားများမှ သတင်း ပို့လာသဖြင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ဖြုတ်ယူပြီး ရုံးတွင် သိမ်းဆည်း ထားကြောင်း သိရသည်။ 

ထို့အပြင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်များအား ဂုဏ်ပြုသော အားဖြင့်ဟု အစချီကာ '' ၁၉ ဇူလိုင် မမေ့နိုင်၊ အာဏာရှင်တွေ အလံဖြုတ်သော်လည်း မျိုးဆက်သစ်တွေက အလံမဖြုတ်ဖို့ ထိန်းသိမ်း စောင့်ရှောက် ကြပါစို့နှင့် I want to free Democracy ဟူသော စာသားအား အလျား (၂)ပေ၊ အနံ (၁)ပေခွဲခန့် ရှိ ကတ်ထူစာရွက်တွင် ရေးသား ထားသော စာသားများအား ပြည်ခိုင်ဖြိုးပါတီရုံး အ၀င်ဝ တံခါးတွင် တစ်ရွက်၊ အထက ကျောင်းရှေ့ အုတ်နံရံတွင် တစ်ရွက်၊ စာကြည်တိုက် ရှေ့တွင် တစ်ရွက်၊ ကြေးနန်းရုံးရှေ့တွင် တစ်ရွက် စုစုပေါင်း (၄) ရွက် ကပ်ထား သည်ကို တွေ့ရှိရဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ ဖြုတ်ယူ သိမ်းဆည်း ထားကြောင်း သတင်းရရှိပါသည်။

0 comments: