Tuesday, July 2, 2013

အင်္ဂမော်ကျေးရွာ၌ ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေး

မြိတ်မြို့နယ် အင်္ဂမော် ကျေးရွာအုပ်စု ၌ မိုးစပါး စိုက်ပျိုး ဧက (၁၉၄၅)အတွက်    စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက (၁) သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၄၅)သိန်းကို တောင်သူ (၂၈၂) ဦးအား   ၂၀၁၃ခုနှစ် မိုးစပါး စိုက်ပျိုးရေးစရိတ် ချေးငွေများ အဖြစ် ထုတ်ချေးခြင်းကို ဇူလိုင်လ(၁)ရက် နံနက်(၁၀)နာရီတွင် မြိတ်ခရိုင် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ပြုလုပ်ခဲ့သည်။ 


ထိုသို့ ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားတွင်  မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဦးရွှေဟိုက အင်္ဂမော် ကျေးရွာအုပ်စုမှ တောင်သူ များအား ချေးငွေ စည်းကမ်းချက်များကို အသေးစိတ် ရှင်းလင်းပြောကြားပြီး မြိတ်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးဌေးဝင်းက မျိုးကောင်း မျိုးသန့်များရွေးချယ် အသုံးပြုရေးနှင့် လက်မှုလယ်ယာမှ စက်မှု လယ်ယာ စိုက်ပျိုးနည်း စနစ်များ ပြောင်းလဲ အသုံးပြုနိုင်ရေး အကြောင်း ရှင်းလင်းပြောကြားသည်။

မြိတ်ခရိုင် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေများကို ကျေးရွာအုပ်စု (၂၇) အုပ်စုတွင် တောင်သူ(၃၀၄၄) ဦးအား မိုးစပါးစိုက်ဧက(၂၀၄၈၁)ဧက အတွက် ကျပ်(၂၀၄၈၁) သိန်းကို ထုတ်ချေး ပေးခဲ့ပြီးဖြစ်သည်။ ခရိုင် အတွင်းရှိ မြို့နယ်များမှ ကျန်ရှိသော ကျေးရွာများမှ တောင်သူများ ကိုလည်း ဇူလိုင်လအတွင်း စိုက်ပျိုးစရိတ် ချေးငွေများကို ပြီးပြတ်အောင် ထုတ်ချေး ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


0 comments: