Friday, July 12, 2013

မြိတ်မြို့တွင် နံရံကပ် စာပေရေချမ်းစင်များ ဖွင့်လှစ်

မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ မြိတ်မြို့ အတွင်း  လူစည်ကားသည့် အချိန်ပေး၍ စောင့်ဆိုင်းနေရမည့် နေရာများ ဖြစ်သည့် နေရာများဖြစ်သော မိခင်နှင့် ကလေးဆေးရုံ၊ သားဖွား သင်တန်းကျောင်း၊ အိမ်တွင်းမှု သင်တန်းကျောင်း၊ ပရဟိတ ယောက်ျားလေးများ ဂေဟာ၊ မိဘမဲ့မိန်းကလေး ဂေဟာ၊ ခရိုင်/ မြို့နယ် တရားရုံး၊ ဆိပ်ငယ် ဘောတံတား၊ နောက်လယ် အမှတ်(၁) ဘောတံတားနှင့် တိုင်းရင်းဆေးရုံတို့တွင် နံရံကပ် စာပေ ရေချမ်းစင် (MiniBookCorner) များကို ဇူလိုင်လ (၁၀) ရက်နေ့တွင်  ဖွင့်လှစ်ပေးခဲ့သည်။


ထိုစာပေ ရေချမ်းစင်များကို ပြည်သူများစာပေကို လက်လှမ်းတမီ အလွယ်တကူလေ့လာဖတ်ရှုနိုင်ရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ နံရံကပ် စာပေ ရေချမ်းစင် (MiniBookCorner) ထားရှိခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook စာမျက်နှာတွင် '' ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို သာမက စာကြည့်တိုက် လုပ်ငန်း များလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ယခုဇူလိုင်လ ကစပြီး. .. လူစည်ကားရာ ဘူတာရုံ၊ ကားဂိတ်၊ သဘောင်္ဆိပ်၊ ဆေးရုံ၊ ဘဏ် စတဲ့နေရာများမှာ ပုံပါအတိုင်း စာပေရေချမ်းစင် အိတ်များကို ထားရှိပေးနေပါတယ်။

အဲဒီမှာ ဘာသာရပ် ၁၂ မျိုးနဲ့ ပတ်သက်ပြီးကောင်နိုးရာရာ စာကောင်းပေမွန် ၀တ္ထု၊ ဆောင်းပါးများကို စာရေးသူများ ထံက ခွင့်ပြုချက် ရယူ ကောက်နှုတ်ပြီး ရိုက်နှိပ်ထားတဲ့ စာမျက်နှာ ၂၀ ခန့် စာအုပ်ငယ်လေး ၁၂ အုပ်ထည့်ထားပေး ပါတယ်။ အစောင့်မထားပါ။ ဖတ်ပြီးပြန်ထားခဲ့ပါ၊ ယူသွားရင်လည်း အသစ်ပြန်ဖြည့်ပေး ပါတယ်။ ရန်ကုန်တိုင်းမှာ ဒီလိုထားပေးတဲ့နေရာ ၂၃၀ ရှိပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ် များမှာ ခရိုင်မြို့များ အထိ နေရာ ၇၇၀ မှာထားပေး ပါတယ်။ တစ်မျိုးကို အုပ်ရေ ခြောက်ထောင်နဲ့ တစ်လတစ်ကြိမ် အသစ်ရိုက်ပြီး လဲလှယ်ပေးပါ့မယ်။ ဒါဟာ ပြည်သူတွေ သတင်း အချက်အလက်၊ ဗဟုသုတများကို လွယ်လင့်တကူ လက်လှမ်း မီနိုင်အောင် ဆောင်ရွက် ပေးရမယ်ဆိုတဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒိယာရဲ့ အခြေခံမူကို အကောင် အထည် ဖော်တာလည်း ဖြစ်ပါတယ်။ နောင်မှာ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများ ကလည်း အဲဒီ အခြေခံမူများနဲ့ ဆောင်ရွက် ရမှာဖြစ်ပါတယ်။

အဲဒီစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုမှာ ပါဝင် လှုဒါန်း လိုတယ်ဆိုရင် တစ်အုပ် ငါးဆယ်ကျပ်နှုန်းနဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးချုပ်၊ နေပြည်တော်နဲ့ ဆက်သွယ် လှုဒါန်းနိုင်ပါတယ်။ စာရေးသူများ ကလည်း မိမိတို့ရဲ့ ပုံနှိပ်စာအုပ်များ ထဲက စာပေများကို အသုံးပြုခွင့် လှုဒါန်းနိုင်ပါတယ်။ စာတည်းအဖွဲ့ က စိစစ်ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာရဲ့ မူများနဲ့ ကိုက်ညီရင် ဖြန့်ဝေပေးပါ့မယ်။ အများပြည်သူ ကလည်း ရိုက်နှိပ်သင့်တဲ့ ဆောင်းပါး၊ ၀တ္ထုများရှိရင် အကြံပြုပေးနိုင်ပါတယ် ““  ရေးသား ထုတ်ပြန်ခဲ့သည်။ 


0 comments: