Monday, July 29, 2013

မြိတ်မြို့၊ ဘုံတိုက်စိမ်း အလုပ်အမှုဆောင်ကော်မတီမှ News of Myeik ၏ သတင်းအား အမှန်တရားအတွက် ပြန်လည်ရှင်းလင်းတင်ပြခြင်း

(၂၄-၇-၂၀၁၃)ရက်နေ့တွင် News of Myeik ၏ သတင်းစာမျက်နှာ၌ မြိတ်မြို့၊ ဘုံတိုက်စိမ်း ခန်းမနှင့်ပတ်သက်၍ ဖော်ပြခဲ့ခြင်းအပေါ် ဘုံတိုက်စိမ်းအလုပ်အမှုဆောင်ကော်မတီမှ အမှန်တရားအတွက် ပြန်လည်ရှင်းလင်းတင်ပြချက်

(၂၄-၇-၂၀၁၃)ရက်နေ့တွင် News of Myeik ၏ facebook စာမျက်နှာ၌ သမင်မွေးလိုက် ကျားစားလိုက်ဟူသော ခေါင်းစဉ်ဖြင့် မြိတ်မြို့၊ ဘုံတိုက်စိမ်း ခန်းမ၏ အောင်မြင်မှုများကို မနာလိုသူများမှ ဖန်တီးရေးသားခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့၏ ဘုံတိုက်စိမ်း ခန်းမသည် မင်္ဂလာ ဧည့်ခံပွဲများ၊ တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ၊ မိတ်ဆုံစားပွဲများ စသည်တို့ကို အဆင်ပြေစွာဖြင့် ကျင်းပနိုင်ရန် ၀န်ဆောင်မှု ပေးလာခဲ့သည်မှာ နှစ်ပေါင်းများစွာပင် ကြာမြင့် လာခဲ့ပြီ ဖြစ်သည်။ ထိုကြောင့် ဟောင်းနွမ်းလာသည့် ၄င်း ခန်းမအား ခေတ်မီ ခန်းမဖြစ်အောင် ပြန်လည် ပြုပြင် ဆောင်ရွက်ခဲ့ရာတွင် ခန်းမပြုပြင်တည်ဆောက်ရေး လုပ်ငန်းများမှာ ဘဏ်စုဆောင်းငွေများဖြင့် လုံလောက်နိုင်ခြင်း မရှိခဲ့ပါ။ ခန်းမ ချဲ့ထွင်ရာတွင်သာ ငွေကြေးလုံလောက်ခဲ့ပြီး လေအေးပေးစက်အတွက် ငွေမလုံလောက်သဖြင့် မြိတ်မြို့ရှိ ဘုံကျောင်းများမှ အပို စုဆောင်းထားရှိသော ငွေများကို သက်သာသော အတိုးနှုန်းဖြင့်လည်းကောင်း ၊ ကိုယ်ပိုင် မီးစက်ကြီးအတွက် လိုအပ်ငွေများကို ဘုံလူကြီးများနှင့် မြို့မိမြိုဖ လုပ်ငန်းရှင်အချို့မှ (အတိုးမဲ့) စေတနာဖြင့် လည်းကောင်း ၀ိုင်းဝန်းကြိုးစား အားထုတ်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။

ရေစည်မှာလည်း သေးငယ်၍ ဟောင်းနွမ်း သံချေးတက်ကာ ပျက်စီးနေသဖြင့် ခန်းမအသစ်နှင့် မသင့်တော်သောကြောင့် ကွန်ဂရစ် ရေကန်ကြီးအဖြစ် ပြန်လည် ဆောက်လုပ်ခဲ့ပြီး ၄င်းရေစည်အား ဘုံလုပ်ငန်းများတွင် စေတနာဖြင့် နှစ်ပေါင်းများစွာ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သည့် ကော်မတီဝင်တစ်ဦးမှ အသုံးပြုလို၍ တောင်းဆို ခဲ့သည်ကို ကော်မတီ၏ ဆုံးဖြတ်မှုဖြင့် ရေစည် နှစ်လုံးအား အသုံးပြုခွင့် ပေးခဲ့ရာ ရေစည် အသုံးပြုလိုသူမှ ဘုံအတွက် အလှူငွေ ခြောက်သောင်းကျပ် ပြန်လည်လှူဒါန်းခဲ့ ပါသည်။ ရေစည်အား တစ်လုံးလျှင် ခုနှစ်သောင်း ရှစ်သောင်းကျပ်ဖြင့် လူတစ်ဦးက လာရောက်ဝယ်ယူသည် ဆိုသည်မှာ မှန်ကန်ခြင်း မရှိခဲ့ပါ။

ငွေကြေး အလွဲသုံးစားမှုများ စွတ်စွဲ တင်ပြထားသော ကိစ္စမှာလည်း မရှိခဲ့ပါ။ ငွေစာရင်းရှင်းတမ်းများကို မည်သူမဆို အချိန်မရွေး လာရောက်ကြည့်ရှု မေးမြန်းနိုင်ပါသည်။ ဘုံလူကြီးများသည် အများဆိုင်သည့် ဘုံတိုက်စိမ်းခန်းမ ပြင်ဆင်ရန်အတွက် မိမိကိုယ်ကျိုး မပါဘဲ စိုက်ထုတ် ကူညီပေးသူ များသာ ဖြစ်သည်ကို ပြန်လည် တင်ပြအပ် ပါသည်။

သံသယဖြင့် စိတ်ထား မတိုက်ဆိုင် မကိုက်ညီမှုများကို အခြေခံပြီး မကောင်းရေးသားဖော် ပြထားသူအား ဘုံတိုက်စိမ်း အလုပ်အမှုဆောင်အဖွဲ့မှ အခိုင်အမာ သိရှိထားပြီး ဖြစ်ပါသည်။ သို့ပါသော်လည်း အဖွဲ့အစည်းမှ သဘောထား သေးသိမ်သော ၄င်းပုဂ္ဂိုလ်အား ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုသော စိတ်မရှိဘဲ အမှန်တရားကိုသာ အများ သိရှိနိုင်စေရန် ပြန်လည် ဖြေရှင်း တင်ပြခြင်း ဖြစ်ပါသည်။

ဘုံတိုက်စိမ်းအလုပ်အမှုဆောင်အဖွဲ့





0 comments: