Thursday, July 25, 2013

မြိတ်မြို့၌ ၀ါဆိုသင်္ကန်းဝယ်ယူရန်အကြောင်းပြု၍ မော်တော်ဆိုင်ကယ် လိမ်လည်မှု ထပ်မံဖြစ်ပွား

မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်၊ မန္တလေးကျောင်းလမ်း၌ နေထိုင်သည့် မော်တော်ဆိုင်ကယ် အငှားမောင်းနှင်သူ ကို.......... မောင်းနှင်သော Dream (2007) ရွှေလှိုင်း အစိမ်းနက်ရောင်အား ၀ါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြုပြီး ဆိုင်ကယ်ငှားယူ လိမ်လည်မှုတစ်ခု ဇူလိုင်လ (၂၂)ရက်နေ့ (၀ါဆိုလပြည့်နေ့)၊ နံနက် (၇း၀၀)နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လိမ်လည်မှု မဖြစ်ပွားမှီ ဇူလိုင်လ (၂၁)ရက်နေ့၊ ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် မော်တော် ဆိုင်ကယ် အငှားမောင်းနှင်သူ ကို.......... သည် မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ဈေးအနီး၊ အငှားမော်တော် ဆိုင်ကယ်များ ရပ်နားသည့်နေရာ၌ မော်တော် ဆိုင်ကယ် ရပ်နားထားစဉ် အမည်မသိသူ တစ်ဦးမှ မော်တော် ဆိုင်ကယ်အား လာရောက်ခေါ်ယူပြီး သွားလိုသည့်နေရာများအား မောင်းပို့ခိုင်းခဲ့သည်။ ထိုနောက် အချိန် တစ်နာရီကျော်ခန့် ကြာမြင့်သည့် အခါ လာရောက် ငှားရမ်းသူမှ ငှားရမ်းခ အနေဖြင့် ပိုက်ဆံ ကျပ် ငါးထောင်ပေးပြီး နောက်တစ်နေ့ မနက်တွင်လည်း ပြန်လာငှားအုံးမည်ဟု ပြောကြား ခဲ့သည်။

နောက်တစ်နေ့ဖြစ်သည့် ဇူလိုင်လ (၂၂)ရက်နေ့ (၀ါဆိုလပြည့်နေ့)၊ နံနက် (၇း၀၀)နာရီ အချိန်ခန့်တွင် အငှားမောင်းနှင်သူ ကို.................. သည် မြို့သစ်ဈေး အနီး၊ အငှားမော်တော် ဆိုင်ကယ်များ ရပ်နားသည့်နေရာ၌ ရပ်နားထားစဉ်ပင် ထိုအမည် မသိသူသည် ပြန်လည်ရောက်ရှိလာပြီး ၀ါဆိုသင်္ကန်း ၀ယ်ယူလိုကြောင်းနှင့် ၀ယ်ယူရန်အတွက် သင်္ကန်းအမျိုးအစားများ နားမလည်သဖြင့် (xxxxx) ဘုန်းကြီးကျောင်းသို့ သွားရောက်၍ မေးမြန်း အကူအညီ တောင်းယူလိုကြောင်း ပြောကြားပြီး ငှားယူမောင်းပို့ခိုင်း ခဲ့သည်။

ဘုန်းကြီးကျောင်းသို့ေ ရာက်သည့်အခါ ငှားရမ်းသူသည် ကျောင်းပေါ်သို့တက်သွားပြီး ဆရာတော်အား ၀ါဆိုသင်္ကန်း သွားရောက်ဝယ်ယူရန် အတွက် အကူအညီတောင်းခံရာ ဆရာတော်မှ ကိုရင်ကြီး တစ်ပါးအား ထည့်ပေးလိုက်သည်။ အမည်မသိ ငှားရမ်းသူမှ အငှားမောင်းနှင်သူ ကို............. အား ဘုန်းကြီးကျောင်း၌ ကျန်ရစ်စေခဲ့ပြီး အမည်မသိ ငှားရမ်းသူနှင့် ကိုရင်ကြီးသာလျှင် သင်္ကန်း ၀ယ်ယူရန် အတွက် မော်တော် ဆိုင်ကယ်အား မောင်းယူထွက်သွား ခဲ့သည်။

အချိန်ကြာမြင့်သော အခါတွင် ကိုရင်ကြီးသည် တစ်ခြားသော အငှားမော်တော် ဆိုင်ကယ်တစ်စီးဖြင့် ဘုန်းကြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာသောကြောင့် ကိုရင်ကြီးအား မေးမြန်းကြည့်ရာ အမည်မသိ ငှားရမ်းသူသည် ကိုရင်ကြီးအား မြိတ်တောင်ကျေးရွာ၊ လေယာဉ်ကွင်း လမ်းရှိ လွင်မုန့်ဟင်းခါးဆိုင်တွင် ထားခဲ့ပြီး ကားသွားရွှေ့အုံးမည်ဟုပြောကြားကာ ထွက်သွားကြောင်းနှင့် အချိန်ကြာသည့်တိုင် ပြန်မရောက် လာသောကြောင့် မစောင့်နိုင်သဖြင့် မုန့်ဟင်းခါးဖိုးရှင်းပြီး အငှားဆိုင်ကယ် တစ်စီးဖြင့် ကျောင်းသို့ပြန်လာ ခဲ့ကြောင်းကို ပြောကြားခဲ့သည်။

ထိုကဲ့သို့ဖြစ်ပွား မှုကြောင့် ကို......... သည် မြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန်သိ ပြည်သူများမှ မော်တော်ဆိုင်ကယ် ငှားရမ်းလိမ်ပြေးသူအား လိုက်လံ စုံစမ်းလျှက် ရှိကြောင်း သိရှိရသည်။
 
 
 

0 comments: