Monday, July 8, 2013

လေးကျွန်းဆီမီး စေတီတော်ကြီးတွင် တိုင်းမှူးနှင့် မိသားစုမှ ကြေးခေါင်းလောင်း လှူဒါန်း

ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ ဇနှီး ဒေါ်ဝင်းဝင်းမြင့်နှင့်  သား ကိုဇေယံဝင်း ၊ သမီး မအေးမြချို ၊ သား မောင်ဝေယံမိုးဋ္ဌေး တို့မှ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီး စေတီတော်မြတ်ကြီးအား လှူဒါန်းခဲ့သော အချင်း (၂၀.၅)လက်မ၊ အမြင့် (၂၀.၅)လက်မနှင့် အချိန် (၈၀)ပိဿာရှိ ကြေးခေါင်းလောင်း လှူဒါန်းမှု အတွက် ရေစက်ချ အလှူတော် မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ (၈)ရက် နံနက် (၉)နာရီတွင် အဆိုပါ စေတီတော် ဗုဒ္ဒသာသနာ့ ဗိမာန်တော်တွင် ကျင်းပခဲ့သည်။ 

အခမ်းအနား နမော တဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ် ပြီးနောက် တနင်္သာရီတိုင်း ဒေသကြီး သံဃာ့ နာယက အဖွဲ့ ဥက္ကဌ အဂ္ဒမဟာ ဂဏ္ဍဝါစက ပဏ္ဍိတ၊ အဂ္ဒမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ  ဆရာတော် သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူကြသည်။ ဆက်လက်၍ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထိုနောက် တိုင်းမှူးနှင့် ဇနီး မိသားစုတို့က ခေါင်းလောင်းတော်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများ ဂေါပက အဖွဲ့သို့ ပေးအပ်ရာ ဂေါပက အဖွဲ့က  ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ ဘဒ္ဒန္တ ဝိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားများနာယူကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဒသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနား အပြီးတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ်သတ် အပေါင်းအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။ 






0 comments: