Friday, July 19, 2013

နိုင်ငံတော် သြ၀ါဒစရိယ မြိတ်မြို့ စံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ခမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ပဏ္ဍ၀ံသ မဟာထေရ် မြတ်ကြီး၏ အန္တိမ ဂူဟာ ပူဇာ အခမ်းအနား ကျင်းပ



နိုင်ငံတော် သြ၀ါဒ စရိယ မြိတ်မြို့ စံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂ မဟာသဒ္ဒမ္မ ဇောတိက ဓဇ ဘဒ္ဒန္ဒ ပဏ္ဍ၀ံသ မဟာ ထေမြတ်ကြီး၏ အန္တိမ ဂူဟာ ပူဇာ အခမ်းအနားကို ဇူလိုင်လ (၁၈)ရက် နံနက် (၉)နာရီတွင် တပ်ပြင်ရပ် စံကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် မဟာဂန္ထ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသ အမှူးပြုသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်း၊ တနင်္သာရီ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ ဌာနဆိုင်ရာများ၊ တပည့်တကာ၊ တကာမများ တက်ရောက်ကြသည်။


ရှေးဦးစွာ တက်ရောက် လာကြသူများက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ကြပြီး နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံ ယူဆောက် တည်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး သံဃာ့ နာယက အဖွဲ့ဝင် သာသနာဓဇ ဓမ္မစရိယ ဘဒ္ဒန္တ လာဘ၀ံသ ခရူပင် ကျောင်းတိုက် ဆရာတော်မှ ဆရာတော် ဘုရား၏ ထေရုပတ္တိ ကထာကို ဖတ်ကြားသည်။

ဆက်လက်၍ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့၏ ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ အဖွဲ့ဝင် တောကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော်မှ ဖတ်ကြား လျှောက်ထားပြီး သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၏ ပေးပို့ ဆက်ကပ်သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို ပြည်ထောင်စု ၀န်ကြီး ကိုယ်စား ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ဖတ် ကြားလျှောက် ထားသည်။

ထိုနောက် သိမ်တော်ကြီး ဥပါသိကာအ ဖွဲ့မှ ထုတိဝန္ဒနာ ပိုဒ်စုံ ရတုနှင့် ထေရုပတ္တိ ရှစ်လုံးဘွဲ့ ကဗျာကို လည်းကောင်း၊ ဘုံပျံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညောဘာသက သံဝေဂကထာဖြင့် လည်းကောင်း၊ စံကျောင်း တိုက်အုပ် ဆရာတော် ဥာဏ၀ံသက ပစ္ဆိမ၀န္ဒနာ ဂါထာဖြင့်လည်းကောင်း၊ စံကျောင်း တိုက်အုပ် ဆရာတော်နှင့် တပည့် တကာတကာမများက ၀န်ချတောင်းပန်လွှာဖြင့် လည်းကောင်း အသီးသီး ရွတ်ဆို ပူဇော်ကြသည်။

ဆက်လက်၍ သာသနာရေး ၀န်ကြီးဌာနမှ လှူဒါန်းသောဈာပန လှူဒါန်းငွေ (၅၃၀၀၀၀ိ)ကျပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော ဈာပနလှူဒါန်းငွေ (၃)သိန်းကို ဈာပန ကျင်းပရေး ကော်မတီ ဥက္ကဌဆရာတော်ထံ ဆက်ကပ် လှူဒါန်းပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညိန္ဒာစာရ ထံမှ အနုမောဒနာ တရားများနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို အနိစ္စာ ၀တ သခါင်္ရသံဝေဂကထာ ရွတ်ဆိုကြကာ အခမ်းအနား ရုပ်သိမ်းသည်။

နေ့လည် (၁၂း၃၀)နာရီတွင် ဆရာတော်ဘုရား၏ ရုပ်ခန္ဒာအား ဆရာတော် သံဃာတော် အရှင်သူမြတ် များ၊ တပည့် တကာတကာမများမှ စံကျောင်းတိုက်မှ အန္တိမ ဂူဟာပူဇာ ကျင်းပမည့်နေရာသို့ ပင့်ဆောင်ရာ လမ်းတလျှောက် တပည့် တကာတကာမများမှ ဆရာတော် ဘုရားအား နောက်ဆုံးပူဇော် ကန်တော့ကြသည်။ ဆက်လက်၍ ဆရာတော် ဘုရား၏ ရုပ်ခန္ဒာအား ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် တပည့် တကာ တကာမများသည် သာသနာ့ ၀ံသကျောင်း အနီး ဘုန်းတော်ကြီး သုသာန်တွင် အန္တိမဂူဟာ ပူဇာဆင်ယင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။


0 comments: