Friday, July 26, 2013

နွားနှင့်ငါး အရုပ်ရေး ကြည့်ရမယ်

ကလေးဘ၀တုန်းက လူကြီးသူမ တွေပြောတဲ့ စကားကြားဘူးတယ်။ နွားနဲ့ ငါးအရုပ် ရေးကြည့် ရမယ်တဲ့။ ဟိုတုန်းကတော့ အမှတ်မထင်ပါဘဲ။ ဒီလောက်များတဲ့ နွား တွေ၊ ငါးတွေဟာ ဘာကြောင့် ရှားပါးသွား မှာလဲ။ စကားမရှိ၊ စကားရှာပြောတယ်ဟု ကောက်ချက်ချမိတယ်။ အခုတော့လည်း ဒီပြဿနာက အမျိုးသားရေး အသွင်ဖြင့် ဖြေရှင်းရမယ့် ပြဿနာဖြစ်နေပြီ။ မြန်မာ နိုင်ငံမှာ ၈၀ ရာခိုင်နှုန်းသော လူဦးရေဟာ ကျေးလက်နေ ပြည်သူတွေဖြစ်ကြတယ်။ ကျေးလက်နေ ပြည်သူ အများစုဟာ လယ် ယာစိုက်ပျိုးရေး လုပ်ငန်းကို မှီခိုနေရတယ်။ ပင်လယ် ကမ်းရိုးတန်း တစ်လျှောက် နေထိုင်တဲ့ မိသားစုတွေနှင့် မြစ်ကမ်းဘေးမှာနေထိုင်သူ အချို့က ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးကြတယ်။ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများ အတွက် နွားနှင့်ငါးဟာ အဓိကကျတဲ့ အရင်းအမြစ်တွေ ဖြစ်နေတယ်။


၁၉၇၀ ခုနှစ် မတိုင်မီကတော့ မြန်မာ နိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းကို လက်မှု လယ်ယာစနစ်နဲ့  လုပ်ကိုင်ကြတယ်။ လယ် ထွန်စက်ကိုတောင်  မြို့နယ်တိုင်းမှာ တွေ့ရဖို့ ခက်ခဲတယ်။ ယခုခေတ်လို ကောက်စိုက်၊ ကောက်ရိတ်စက်၊ ချွေလှေ့စက်တွေဆိုတာ စိတ်ကူးထဲမှာ မစဉ်းစားမိခဲ့ကြဘူး။ ဓာတ် မြေသြဇာ အသုံးဆိုတာလည်း အလေ့ အကျင့် မရှိကြသေးဘူး။ လယ်မြေတွေမှာ ဓာတ်မြေသြဇာ မသုံးကြ သေးတော့လည်း ပိုးမွှားတွေက မကျဘူး။ ဒီတော့ ပိုးသတ် ဆေးဆိုတာသုံးဖို့ မလိုအပ်ဘူး။ အင်္ဂလိပ် အစိုးရ လက်ထက်က မြေကြီး၊ မြေပုံနှင့် ပတ်သက်လို့ ကြေးတိုင်နှင့် မြေစာရင်းဌာန မှာ ကျေးရွာတွေမှာ ကျွဲ၊ နွားစားကျက်မြေ ဆိုပြီး ထည့်သွင်း ရေးဆွဲထားတယ်။

 ကျေးရွာတွေက ကျွဲ၊ နွားမွေးမြူသူတွေ အတွက် လွှတ်ကြောင်းဖို့ စားကျက် အဆင်ပြေလှတယ်။ ဟိုတုန်းကတော့ ကျေးလက်ဒေသ တွေမှာ အိမ်တိုင်းနီးပါး ခိုင်းနွားအပြင် နွား အပို မွေးထား လေ့ရှိတယ်။ အိမ်မှာ နွားမွေး ထား နိုင်တာကိုပဲ ဂုဏ်ဒြပ် တစ်ခုအဖြစ် သတ်မှတ် ကြတယ်။ နွားအပို မွေးထားနိုင်တော့ လယ်ယာ လုပ်ငန်းခွင်မှာ ထွန်ယက်ဖို့ အားမနာတမ်း အသုံးချနိုင်သလို နွားမှရရှိတဲ့ နွားချေးက မြေသြဇာ အဖြစ် အသုံးချနိုင်တယ်။ သီးနှံအထွက်နှုန်း အကောင်းကြီး မဟုတ်ပေမယ့် စိုက်ပျိုးစရိတ်က အနည်းငယ်သာ ကုန်ကျတော့ တောင်သူလယ် သမားအများစု စိုက်ပျိုးရေး လုပ်ငန်းမှာ အခက်အခဲ မတွေ့ကြဘူး။ မချမ်းသာတာပဲ ရှိမယ်။ မိသားစု စားဝတ်နေရေး အတွက် လုံလောက် တယ်။ နွားအပို မွေးထားကြ တော့ နှစ်စဉ် နွား သုံးလေးကောင် ရောင်းရတဲ့ ငွေက သားသမီးတွေရဲ့ ပညာရေးနှင့် လှူရေးတန်းရေးမှာ အသုံးပြုနိုင်တယ်။ ကျေးလက် ဒေသမှာ လယ်သမားနှင့် နွားဆိုတာ ခွဲခြားလို့ မရနိုင်တဲ့ အရာတစ်ခု ဖြစ်နေတယ်။

ယနေ့ခေတ်မှာတော့ ကျွဲ၊ နွား စားကျက်မြေ နေရာတွေမှာ နေအိမ်ဆောက် လုပ်ဖို့ နေရာနှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်း တွေက နေရာ ယူလာ ကြပြီ။ ကျေးရွာတွေမှာ စားကျက်မြေ ဆိုတာ အပျိုကြီးဖင် တလှဲ့စာ မကျန်တော့ဘူး။ နောက်ဆက်တွဲ အကျိုး ဆက်အဖြစ် ကျွဲ၊ နွားမွေးမြူတဲ့ အလေ့အထ တွေ ပျောက်ဆုံး ကုန်ပြီး နွားအပို မွေးမြူဖို့ မဆိုထားနဲ့ ခိုင်းနွား အတွက်ပင် မမွေးမြူ ကြတော့ဘူး။ ၂၀၀၀ ခုနှစ် ၀န်းကျင်ကတော့ မြန်မာပြည်မှ နွားတွေကို ထိုင်းနိုင်ငံဆီ မှောင်ခို တင်သွင်း ကြတယ်။ တင်သွင်း သမျှ နွားတွေက နွားပိန်၊ နွားညှပ် မပါဘူး။ အားလုံး နွားချော၊ နွားလှ အားကောင်း မောင်းသန် တွေချည်းပဲ။ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှ နွားမှောင်ခို တင်သွင်းမှု  ရပ်ဆိုင်း သွားပေမယ့် တရုတ်ပြည် ဘက်ကို မှောင်ခို သွင်းပြန်တယ်။ မှောင်ခိုပို့တဲ့ နွားဖမ်းဆီးရမိတဲ့ သတင်းကြားရတာ တစ်ကြိမ် ဖမ်းမိရင် နွားကောင်ရေ ရာဂဏန်း နီးပါးရှိတယ်။ စစ်ဆေးရေး အဖွဲ့က မတွေ့ရှိ၍ သော်လည်း ကောင်း၊ နားလည်မှုလုပ်၍ သော်လည်း ကောင်း တရု တ်ပြည်ဘက် ရောက်သွားတဲ့ နွား အရေအတွက်က သောင်းဂဏန်း၊ သိန်း ဂဏန်းရှိနေပြီ။ အခုဆိုရင် ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းမှာ ဖြည့်စွက်စာ အဖြစ် အဓိက လိုအပ်တဲ့ ပဲဖတ်၊ နှမ်းဖတ်နှင့် ဖွဲနုကို အရေအတွက် အကန့်အသတ် မရှိ ကြိုက် ဈေးပေးပြီး တရုတ်နိုင်ငံမှ ၀ယ်နေကြတယ်။

နောက်ဆက်တွဲ အကျိုးဆက် ကတော့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း ရပ်ဆိုင်း သွားနိုင်တယ်။    နိုင်ငံတော် အစိုးရအဖွဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တွေက ဒီအချက်ကို သိထားသင့်တယ်။ ဒီပုံစံ အတိုင်း သွားနေ ရင်တော့ ရှေ့လူကြီး စကားအတိုင်း နွားက အရုပ်ရေး ကြည့်ရ မလိုဖြစ်နေပြီ။ အရုပ်ရေး ကြည့်ဖို့ မလိုမီ ကြိုတင် ကာကွယ်မယ့် အစီအစဉ်တွေကို ရေးဆွဲဖို့ လိုအပ်တယ်။

နောက်ထပ် သိထားစရာ တစ်ခုရှိပါ သေးတယ်။ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်း အရှည် မိုင် ၁,၂၀၀ ခန့်ပိုင်ဆိုင် ထားတယ်။ ကုန်း တွင်းပိုင်း ဒေသမှာလည်း အဓိက ကျတဲ့ မြစ်ကြီး လေးစင်းနှင့် မြစ်ငယ် ချောင်းငယ် တွေကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရတယ်။ အလွန် ကြီးမားတဲ့ ကုန်းတွင်း ပိုင်း ရေအိုင်ကြီး တွေလည်း အလွန်ပေါများ တယ်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှာ ဆိုလျှင် ငါးပုစွန်တွေ ခိုအောင်း နိုင်တဲ့ အင်း တွေပေါ များလှတယ်။ အင်းတွေဟာ ရေစီး ရေလာတွေ ပိတ်ဆို့ပြီး အချို့အင်းတွေ ကတော့ လေလံစနစ်နဲ့ လုပ်ပိုင်ခွင့်ပြု ထားတော့၊ မိမိဖမ်းဆီးခွင့် ကာလအတွင်းမှာ ရသမျှ အရွယ်အစား မရွေးဘူး။ အကုန်ဖမ်း ဆီးပစ်ကြတယ်။ အင်းအတွင်းမှာ ငါးတွေ ပေါက်ဖွား ကြီးပြင်းနိုင်တဲ့ အခြေအနေတွေ ဖန်တီး မပေးကြတော့ဘူး။ ငါးသယံဇာတ တွေ အလွန် နည်းပါးသွားခဲ့ပြီ။ မြစ်ချောင်း နံဘေးမှာ ဓာတု အဆိပ်သင့်ပစ္စည်းတွေ စွန့်ပစ်တဲ့ စက်ရုံတွေ၊ ရွှေတူးဖော်တဲ့လုပ် ငန်းတွေ၊ လူနေ အိမ်ယာ ဆောက်လုပ်မှုတွေ ကြောင့် မြစ်ချောင်းတွေ အတွင်းမှ ရေတွေ မှာ အမှိုက်အညစ် အကြေးတွေ၊ ဓာတု အဆိပ်သင့် ပစ္စည်းတွေ ပါဝင်နှုန်းများ နေပြီ။ မသန့်ရှင်းတဲ့ ရေတွေဖြစ်ကုန်ပြီး နောက် ဆက်တွဲ ဆိုးကျိုးအဖြစ် မြစ်ထဲမှသတ္တ၀ါ တွေရဲ့ ပေါက်ဖွား ကြီးထွားနှုန်း (Biodiversity) တွေ ပျက်စီးကုန်ပြီ။ မြစ်တွေပေါ်မှာ ရေအား လျှပ်စစ်ထုတ်လုပ်မယ့် ရေကာတာ တွေ တည်ဆောက်တဲ့ အတွက် မြစ်တွေရဲ့ ရေစီးကြောင်း ပြောင်းလဲမှုတွေ ဖြစ်နိုင် တယ်။ မြစ်အတွင်း လှည့်လည် ကျက်စားနေ တဲ့ ငါးအမျိုးအစားတွေ အတွက်လည်း ငါး စားကျက်တွေပျက်စီးကုန်တယ်။ အထူး သဖြင့် မြစ်အတွင်းရှိ ရေအိုင်ကြီးများမှာ ကျက်စားတဲ့ ငါးအကြီးမျိုးတွေရဲ့ ပေါက်ဖွား ကြီးပြင်းနှုန်းတွေ ပျက်စီးကုန်တယ်။ သံ လွင်မြစ် အတွင်းမှာဆိုရင် ငါးတစ်ကောင် ၂၅ ကီလိုဂရမ် အထိ အရွယ်အစားကြီးမား တဲ့ ငါးမျိုးတွေ ပေါက်ဖွားနိုင်တယ်။

မြစ်ချောင်း အတွင်း ရေတွေ သန့်ရှင်းမှုမရှိတော့ ပင်လယ်ရေတွေလည်း   ညစ်ညမ်း ကုန်တယ်။ ပင်လယ်ထဲမှာ ပေါက်ဖွားကြီး ပြင်းတဲ့ ငါး၊ ပုစွန်တွေ ဆိုတာ ပင်လယ်ရေ သန့်ရှင်းနေမှ မျိုးပွားနှုန်း၊ ကြီးပြင်းနှုန်း ကောင်းမွန်စေတယ်။ ကမ်းရိုးတန်း ဒေသ မှာ နေထိုင်သူတွေဟာ ၁၉၈၀ ခုနှစ်မတိုင်မီ က မိရိုးဖလာ ငါးဖမ်းနည်း စနစ် (Traditional Fishery) ကိုပဲ အသုံးပြုကြတယ်။ အဓိက ငါးဖမ်းနည်းစနစ် (Fishery Gear) မှာမျှောပိုက်နှင့် ဖမ်းတဲ့ စနစ်ကိုသာ အသုံးပြု ကြတယ်။ ငါးဖမ်းပိုက်ကွက် ကိုလည်း ငါး လုပ်ငန်း ဦးစီးဌာနမှ သတ်မှတ်ထားတဲ့ ငါးဖမ်းပိုက်ကွက် အတိုင်း အသုံးပြုကြတယ်။ ရေပေါ် မျှောပိုက်မှာ ငါးဖမ်း ပိုက်ကွက် ၃ ဒသမ ၅ လက်မ ကွက်ကို အသုံးပြုကြ တယ်။

အရွယ်ရောက်ပြီး အရွယ် အစားကြီးတဲ့ ငါး တွေကိုပဲ ဖမ်းဆီး ကြတယ်။ ၁၉၈၀ ခုနှစ်မှ စတင်ပြီး ကိုရီးယားနိုင်ငံမှ တင်သွင်းလာတဲ့ အနုမြူ ငါးဖမ်းပိုက်တွေက မူလက အသုံးပြု နေတဲ့ ချည်ပိုက်တွေ အစား နေရာယူလာ ကြတယ်။ ငါးဖမ်းကွက် အရွယ်အစား သုံး လက်မ အောက်ရှိပြီး အရွယ်အစား သေးငယ် တဲ့ ငါးတွေကိုပါ ဖမ်းဆီးရ မိတယ်။ ၁၉၇၅ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း မြန်မာ့ကမ်းရိုး တန်းရေပြင်မှာ ထိုင်းကုမ္ပဏီတွေက ပိုင်ဆိုင်တဲ့ ဒရွတ်ဆွဲပိုက် ငါးဖမ်းစက်လှေ (Trawler Fishing Boat) တွေက၊ မြန်မာ့ ကမ်းရိုးတန်း တွေမှာ အုပ်စုဖွဲ့ ခိုးဝင်ဖမ်းဆီးကြတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ငါးဖမ်းတဲ့ ထိုင်း ငါးဖမ်းလှေတွေကို တားဆီးနိုင်ပေမယ့် မြန်မာနိုင်ငံမှ ငွေကြေး တတ်နိုင်သူတွေက (Trawler Fishing Boat) တွေတည်ထောင် ပြီး ကမ်းရိုးတန်းဒေသမှ ဆက်လက်ဖမ်း ဆီးခဲ့ကြတယ်။ Trawler Boat တွေဆိုတာ ငါးဖမ်းကွက် အောက်ခြေကြမ်းပြင်နှင့် သန္တာ ကျောက်တန်းတွေကို ပျက်စီးစေ တယ်။ ငါးဖမ်းရာ မှာလည်း အရွယ်အစား အလွန်သေးငယ်တဲ့ ဈေးကွက် မ၀င်တဲ့ ငါး (Trash Fish) က ၄၀ ရာခိုင်နှုန်းလောက် ပါဝင်နေတယ်။  Trash Fish တွေကို ကမ်း ပြန်မယူဘဲ ပင်လယ်ထဲပြန်ပြီး ပစ်ချခဲ့ကြ တယ်။  Traw Net Fishing     ဆိုတာ ငါးဖမ်းကွက်နှင့် သန္တာ ကျောက်တန်းတွေ ပျက်စီးစေတဲ့အပြင် ငါးသယံဇာတ ဆုံးရှုံး မှုအလွန်များတဲ့အတွက် ဘယ်နိုင်ငံ ဘယ် ကမ်းရိုးတန်း ရေပိုင်နက်မှာမှ ဖမ်းဆီးခွင့် မပြုဘူး။ သမုဒ္ဒရာရေနက်ပိုင်း (Deep Sea) ဧရိယာမှာသာ ခွင့်ပြု ထားတယ်။

မြန်မာပြည်မှာ ကတော့ လှေတစ်ခေါက် ထွက်ဖို့ အတွက် ငွေဆယ်သိန်း ပေးလိုက်လျှင် ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ ငါးဖမ်း ကွက်မှာ ဖမ်းဆီးနိုင်တယ်။ ကမ်းရိုးတန်း ဒေသတွေမှာ ဖမ်းဆီးနေတဲ့ ကျားပါးစပ် နှင့် ဘုံကျောင်း လို့ခေါ်တဲ့ ငါးဖမ်းနည်း စနစ်တွေကလည်း ငါးသယံဇာတ ဆုံးရှုံးမှု အလွန်များလှတယ်။ ဒီလိုငါးသယံဇာတ ဆုံးရှုံးမှု အလွန်များတဲ့ ငါးဖမ်းနည်းစနစ် တွေကို ဘာကြောင့် ခွင့်ပြုနေသလဲလို့ ပြည်နယ်အဆင့် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကို မေးကြည့်တော့ ဒီလို ငါးဖမ်းနည်း စနစ်ကို ခွင့်မပြုခဲ့ရင် ဌာနစီမံကိန်းဝင် ငွေလျာထားချက်ဖြစ်တဲ့ ငါးဖမ်းဆီးခွင့် လိုင်စင်ကြေး လျော့နည်းသွားရင် သူတို့ တစ်တွေရဲ့ အလုပ်ရာထူး တည်မြဲရေးကိုပါ ထိခိုက်နိုင်တဲ့ အတွက် ခွင့်ပြုနေကြတာ ဖြစ်တယ်။ ဒီလိုငါးသယံဇာတ ဆုံးရှုံးနိုင်တဲ့ ငါးဖမ်းနည်း စနစ်တွေကို သိလျှက်နှင့် ခွင့်ပြုနေတော့ ငါးသယံဇာတ ဆုံးရှုံးမှုပမာဏ အလွန်မြင့်မားလာခဲ့တယ်။

မြန်မာ ကမ်းရိုးတန်း ဒေသမှ ငါးဖမ်းဆီး မိနှုန်းဟာ နှစ် ၃၀ အတွင်းမှာ ၈၀ ရာခိုင်နှုန်း လျော့နည်းသွား ခဲ့တယ်လို့ ငါးဖမ်းလုပ် ငန်းကို လက်တွေ့ လုပ်ကိုင်နေတဲ့ ပညာရှင် တစ်ဦးက ပြောကြား ခဲ့တယ်။ မေလ နောက်ဆုံးပတ်က သံလွင်မြစ် သယံဇာတများ ထိမ်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး အတွက် မြန်မာ၊ တရုတ်၊ ထိုင်း ပညာရှင်တွေပါ ၀င် တဲ့အဖွဲ့ဟာ (Thanlwin River Mounth Area) ဖြစ်တဲ့ ဘီလူးကျွန်းနှင့် ကျိုက္ခမီ စက်စဲဒေသ ကို လက်တွေ့ကွင်းဆင်း လေ့လာရေးခရီး ထွက်ဖြစ်တယ်။ ကျွန်တော်က ဒီအဖွဲ့ကို တာဝန်ယူ ခွင့်ရခဲ့တော့ ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တယ်။ ရေလုပ်သား တွေ တင်ပြချက် အရ သံလွင်မြစ် အတွင်းမှာရော၊ ကျိုက္ခမီစက်စဲ ကမ်းရိုးတန်း ဒေသ တွေမှာပါ ငါးဖမ်းဆီး ရမိနှုန်းက နှစ် ၃၀ အတွင်းမှာ ၈၀ ရာခိုင်နှုန်းကျော် လျော့နည်းသွား ခဲ့တယ်။ ၁၉၈၁ ခုနှစ်က ကျိုက္ခမီ ဒေသမှာ ကျွန်တော် ကိုယ်တိုင် ဦးစီးတဲ့ ငါးစိမ်း လှေ (ရေပြန်လှေ)နဲ့ တစ်ညအိပ် ငါးဖမ်း ထွက်ရင် ငါးပိဿာချိန် ၃၀၀ မှ ၅၀၀ အထိသာ ဖမ်းမိတော့တယ်။ အခု ဖမ်းဆီးရမိတဲ့ နှုန်းက ငါးစိမ်းလှေ (ရေပြန်) တစ်ခေါက်ကို ငါးပိဿာ ၃၀ မှ ၅၀ အထိသာ ဖမ်းမိတော့ တယ်။  အင်္ဂလန်ကျားခေါ် ကျားပါးစပ်ပိုက် (Setnet) လုပ်ငန်းမှာ ပိုက်တစ်လုံး တစ်ရေစာအတွက် ငါးစိုပိဿာ ၁,၂၅၀ မှ ၂,၀၀၀ အထိ ဖမ်းဆီးရမိတယ်။ အခုတော့ ငါးစို ပိဿာ ၅၀၀ ခန့်သာအများဆုံးဖမ်းမိတော့ တယ်။ မြန်မာနိုင်ငံမှာ နွားနှင့် ငါးသယံဇာတ ဆုံးရှုံးမှုတွေကို တာဝန်ရှိသူတွေ အနေဖြင့် ကာကွယ် တားဆီးနိုင်တဲ့ စီမံကိန်းတွေ မချ မှတ်ဘဲ ဒီအတိုင်း တာဝန်မဲ့ နေကြရင် နွားနှင့်ငါး အရုပ်ရေး ကြည့်ရမယ်ဆိုတဲ့ စကားဟာ အမှန်တကယ် ဖြစ်လာနိုင်တယ်။

ထူးသစ် The Farmer Journal 



0 comments: