Wednesday, July 24, 2013

ဝါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြု၍ မော်တော် ဆိုင်ကယ် လိမ်လည်မှု မြိတ်မြို့၌ ဖြစ်ပွား



မြိတ်မြို့၊ ပါရမီ ရပ်ကွက်၊ ပါရမီဈေးအနီး နေထိုင်သူ ဦး.......... မောင်းနှင်သော Wave 100 (2006) အပြာရောင်အား ၀ါဆိုသင်္ကန်း ၀ယ်ယူရန် အကြောင်းပြုပြီး ဆိုင်ကယ် ငှားယူ လိမ်လည်မှု တစ်ခုကို ဇူလိုင်လ (၉)ရက်၊ နေ့လည် (၁၀း၃၀) အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မော်တော် ဆိုင်ကယ် ပိုင်ရှင်ဖြစ်သူ ဦး.............. သည် မြိတ်မြို့၊ နောက်လယ် ရပ်ကွက်၊ နောက်လယ်ဈေး အနီး၌ မော်တော် ဆိုင်ကယ်မောင်းနှင် လာစဉ် အမည်မသိသူ တစ်ဦးမှ ဆိုင်ကယ်တား၍ ၀ါဆို သင်္ကန်းဝယ်ယူ လိုကြောင်းနှင့် ၀ယ်ယူရန် အတွက် သင်္ကန်း အမျိုးအစားများ နားမလည်သဖြင့် (xxxxx) ဘုန်းကြီးကျောင်း၌ မေးမြန်း အကူအညီ သွားရောက် တောင်းယူလိုကြောင်း ပြောကြားပြီး ငှားယူ မောင်းပို့ခိုင်း ခဲ့သည်။

ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ငှားရမ်းသူသည် ကျောင်းပေါ်သို့ တက်သွားပြီး ခဏအကြာတွင် ခပ်၀၀ဘုန်းကြီး တစ်ပါးအား ၀ါဆိုသင်္ကန်း ၀ယ်ယူရန်အတွက် အကူအညီ တောင်းပြီး ပင့်ဆောင်လာခဲ့သည်။ မော်တော်ဆိုင်ကယ် တစ်စီးတည်းကို ဘုန်းကြီးတစ်ပါးနှင့် လူ (၂)ဦး မောင်းနှင်ရန်မှာ ခက်ခဲသဖြင့် ပိုင်ရှင် ဖြစ်သူသည် ဘုန်းကြီးကျောင်း၌ ကျန်ရစ်ခဲ့ပြီး ငှားရမ်းသူနှင့် ဘုန်းကြီးသာလျှင် သင်္ကန်းဝယ်ယူရန် အတွက် မော်တော် ဆိုင်ကယ်အား မောင်းယူ ထွက်သွားခဲ့သည်။
တစ်နာရီ ကျော်ကျော်ခန့် ကြာမြင့်သော အခါတွင် ဘုန်းကြီးသည် တစ်ခြားသော အငှား ဆိုင်ကယ်တစ်စီးဖြင့် ဘုန်းကြီးကျောင်းသို့ ပြန်လည် ရောက်ရှိလာပြီး ငှားရမ်းသူသည် ဘုန်းကြီးအား မြစ်ငယ် ဈေးအနီးရှိ လ္ဘက်ရည်ဆိုင်တွင် ထားခဲ့ပြီး ပိုက်ဆံ သွားယူမည်ဟု ပြောကြားကာ ထွက်သွားကြောင်းနှင့် အချိန်ကြာသည့်တိုင် ပြန်မရောက် လာသောကြောင့် မစောင့်နိုင်သဖြင့် ကျောင်းသို့ ပြန်လာကြောင်း၊ ဘုန်းကြီး အနေဖြင့်လည်း ဒကာနှစ်ဦး စလုံးကို ဘုန်းကြီးကျောင်းသို့ အတူတူ ရောက်ရှိလာသဖြင့် အသိ မိတ်ဆွေများဟု ထင်မှတ်ထားမိကြောင်း၊ ယခုမှပင် ဆိုင်ကယ် ပိုင်ရှင်နှင့် ငှားရမ်းသူများအဖြစ် သိရှိကြောင်းကို ပြောကြားခဲ့သည်။

ထိုကြောင့် ပိုင်ရှင်ဖြစ်သူသည် မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ မော်တော် ဆိုင်ကယ် ငှားရမ်း လိမ်ပြေးသူအား စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။


0 comments: