Wednesday, July 17, 2013

မြိတ်မြို့ လေးကျွန်းဆီမီး စေတီတော်ကြီး၌ CCTV တပ်ဆင်မည်

မြိတ်မြို့ ကျက်သရေဆောင် သိမ်တော်ကြီး ကုန်းတော်ပေါ်ရှိ လေးကျွန်းဆီမီး စေတီတော်ကြီးတွင် CCTV များ တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 


'' မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက စေတီတော်ကြီးမှာ CCTV ခုနှစ်လုံး တပ်ဆင်ဖို့ ညှိနှိုင်းတာပါ။ ကျွန်တော်တို့ သိမ်တော်ကြီး ဂေါပက ဥက္ကဋ္ဌရယ်၊ အတွင်းရေးမှူးရယ်၊ နောက်ပြီး ပေါ်တော်မူနဲ့ မဟာသိဒ္ဓိဇယ စေတီတော် က ဂေါပက ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးရယ်။ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရယ် (၈-၇-၂၀၁၃) ရက်နေ့ သိမ်တော်ကြီး ဂေါပက ရုံးခန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြ ပါတယ်။ '' ဟု သိမ်တော်ကြီး ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောကြား သည်။ 

အဓိက ကတော့ ဇူလိုင်လ (၇) ရက်နေ့မှ  အန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မျိုး မြန်မာ နိုင်ငံ အတွင်းမှာ ရှိတဲ့ တန်ခိုးကြီး ဘုရားတွေ၊ သာသနိက အဆောက် အအုံတွေမှာ မဖြစ်စေဖို့ လုံခြုံရေး အထူး ဂရုပြုတဲ့ အနေနဲ့ ဆောင်ရွက်တာပါ၊ ဂေါပက အဖွဲ့တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း နေ့ည မပြတ် လုံခြုံရေး ယူသွားမှာပါဟု ဟု အစည်းအဝေး တက်ရောက်သည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။ 

၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ (၇) ရက်နေ့ (တနင်္ဂနွေနေ့) (၀၅၃၀) အချိန်တွင် အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ၊ မဟာ ဗောဓိ စေတီတော် ၀င်းအတွင်း ဗုံး(၄) လုံး ပေါက်ကွဲပြီးနောက် မြန်မာတစ်နိုင်ငံတွင် အလားတူ ပေါက်ကွဲမှုမျိုး မဖြစ်ပွား စေရေးအတွက် ရွှေတိဂုံ စေတီတော်ကြီး အပါအ၀င် တန်ခိုးကြီး ဘုရားများ၊ ထင်ရှားသည့် သာသနိက အဆောက်အအုံများတွင် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ 

ဓာတ်ပုံ (ရဲဝင်း)


0 comments: