Friday, July 12, 2013

မြိတ်မြို့၏ သမိုင်းဝင် တင်းနစ်ကွင်း တစ်ကွင်းဖြစ်သည့် ဒန်းလော့ တင်းနစ်ကွင်းအား နှစ်တစ်ရာပြည့် “ရာပြည့်” အခမ်းအနား ကျင်းပ ပေးသွားမည်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ဘုရားငါးဆူရပ်၊ အား/ကာရုံး အနောက်ဘက်တွင် ရှိသော ဒန်းလော့ တင်းနစ်ကွင်း (DUNLOP TENNIS CLUB ) မှာ သမိုင်းဝင် ကွင်းတစ်ကွင်း ဖြစ်ပြီး အဆိုပါ တင်းနစ်ကွင်း အား နှစ်တစ်ရာ ပြည့်သည့် ၂၀၁၄ ခုနှစ်တွင် ““ ရာပြည့် ”” အခမ်းအနား ကျင်းပပေးသွားမည်ဖြစ်ကြောင်း ဒန်းလော့ တင်းနစ်ကလပ် အမှုဆောင်များ ထံမှ သိရှိရသည်။


ဒန်းလော့ တင်းနစ်ကွင်းမှာ နိုင်ငံတော်ပိုင် တင်းနစ်ကွင်း တစ်ကွင်းဖြစ်ပြီး ၁၉၁၄ ခုနှစ်တွင်စတင် တည်ထောင် ခဲ့ကြောင်းသိရသည်။ ၁၉၁၄ ခုနှစ်တွင် စတင် တည်ထောင်စဉ်က ကွန်ကရစ်ကွင်းနှင့် (Mud ) ကွင်း (သို့) မားဂွီး ကလပ် ဟု ဘေးချင်း ယှဉ်သော ကွင်းနှစ်ကွင်း ရှိခဲ့ကြောင်း သိရသည်။

““ အခုချိန်မှာတော့ ကွင်းက တစ်ကွင်းတည်းသာ ရှိပါတော့တယ် ။ ဒန်းလော့ တင်းနစ်ကွင်းကို ခေတ် အဆက်ဆက် က ကော်မတီဝင်တွေ ထိန်းသိမ်းလာခဲ့ပြီး လာမယ့် ၂၀၁၄ ခုနှစ်မှာ နှစ်တစ်ရာပြည့်ပါပြီ သမိုင်း အချက်အလက်တွေနှင့် ရာပြည့် အခမ်းအနား ကျင်းပမယ့် အကြောင်းကို လည်း ၀န်ကြီးချုပ်ဆီကို တင်ပြထားပြီးပါပြီ ယခင်ကတည်းက ရှိခဲ့တဲ့ ဘေးချင်းယှဉ်လျက်ရှိတဲ့ ကွင်းကိုလည်း ပြန်လည် ပြုပြင် သွားဖို့လည်း တာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြထား ပြီးပါပြီ ရာပြည့် အခမ်းအနားကို စည်ကားစွာကျင်းပဖို့ အခုကတည်းက တင်းနစ်သမား ဟောင်းကြီးတွေနှင့် ဆက်သွယ် လုပ်ဆောင်သွားဖို့ ကျွန်တော်တို့စီစဉ်နေပါတယ် ””  လို့ ဒန်းလော့ တင်းနစ် ကလပ် အတွင်းရေးမှူးဖြစ်သူ ဦးဇော်မိုးဦးမှ ပြောကြား ခဲ့သည်။ 

ဒန်းလော့ တင်းနစ်ကွင်းအား ခေတ် အဆက်ဆက် ကစားမားများနှင့် တာဝန်ရှိသူများမှ ထိန်းသိမ်း ပေးလာခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင်လည်း ယိုယွင်းနေခဲ့သည့် အဆိုပါ တင်းနစ်ကွင်းအား ယခင် ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး ( ယခုစစ်ရေးချုပ် )မှ ငွေကြေး ထောက်ပံ့ပေးခဲ့ သလို၊ အား/ကာမှာ တာဝန်ရှိသူများ မှလည်း ထောက်ပံ့မှုများ ပေးကာ ကလပ် ကစားမားများနှင့် ပူးပေါင်းပြီး ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။ 

ဒန်းလော့ တင်းနစ်ကွင်းအား နှစ်တစ်ရာပြည့် အခမ်းအနား ကျင်းပရန်နှင့် ဘေးချင် ယှဉ်လျက်ရှိသည့် ကွင်းအား ပြန်လည် ပြုပြင်ရန် အတွက် လက်ရှိအစိုးရ လက်ထက်တွင် လာရောက် စစ်ဆေး မှုများ ပြုလုပ်ပေးပြီး နှစ်တစ်ရာပြည့် အခမ်းအနား အမှီ ထောက်ပံ့မှု များ ပြုလုပ်ပေး ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

““  ဒီနှစ်ထဲမှာ တိုင်းဒေသကြီး သစ်တော/ သတ္တုနှင့် အားကစား ၀န်ကြီး ဦးတင်စိုးနှင့် တာဝန်ရှိသူတွေ လာရောက် စစ်ဆေး ပေးသွား ပြီးပါပြီ ဇူလိုင်လ ၁၂ ရက်နေ့မှာလည်း ၀န်ကြီး အနေနှင့် ဒန်းလော့တင်းနစ်ကွင်း ပြန်လည် ပြုပြင်ဖို့နှင့် ရာပြည့် အခမ်းအနား အတွက် ဆောင်ရွက် ပေးသင့်မည့် အရာများ တင်ပြ ဆောင်ရွက်ပေးဖို့ နောက်ထပ် လာရောက်ပြီး တာဝန်ရှိသူတွေနှင့် ဆွေးနွေးသွား ပါတယ် ရာပြည့် အခမ်းအနားကို စည်ကားစွာ လုပ်မှာ ဖြစ်တဲ့ အတွက် ကွင်း သန့်ရှင်း သာယာရေးနှင့် တည်ဆောက် ပြုပြင်ရမယ့် အပိုင်းတွေကို လာမယ့် ပွင့်လင်းရာသီမှာ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်”” လို့ ကလပ် ကော်မတီဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ 

ဒန်းလော့ တင်းနစ်ကွင်းမှာ နွေရာသီ ကျောင်းပိတ်ရက် များတွင် ကျောင်းသား/ သူများကို အခမဲ့ တင်းနစ် သင်တန်းများ ဖွင့်လှစ် သင်ကြား ပေးနေ သလို လူငယ်ကစားများကိုလည်း နှစ်စဉ် သင်ကြား မွေးထုတ် ပေးနေသည့် တင်းနစ်ကလပ် တစ်ခု ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် ကျောင်းသား အားကစား ပွဲတော်တွင် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား များကိုလည်း သင်ကြား မွေးထုတ် ပေးနိုင်ခဲ့သည့် တင်းနစ် ကလပ် တစ်ခုဖြစ်ကြောင်း သိရသည်။


0 comments: