Friday, July 12, 2013

နိုင်ငံတော် သမ္မတ၏ ဖုန်းကံစမ်းမဲပေါက်သည့်ဟု ဖုန်းဆက်ပြီး မြိတ်မြို့နယ်အတွင်း ငွေလိမ်လည် တောင်းခံသူများအား ရန်ကုန်မြို့တွင် ဖမ်းမိပြီ

နိုင်ငံတော် သမ္မတ၏ ဖုန်းကံစမ်းမဲ ပေါက်သည်ဟု ပြောဆိုပြီး အခွန်ငွေ ပေးသွင်းနိုင်ရန်အတွက် ငွေလွှဲ ပို့ပေးရန် ပြောဆိုကာ ငွေလိမ်လည် တောင်းခံသူများအား မြိတ်မြို့ ရဲသတင်းတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေးဌာန တို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည် (၁) နာရီကျော် အချိန်တွင် ငွေလိမ်လည်သူ ၀ဏ္ဏထွန်းနှင့် အပေါင်းပါ (၃) ဦးအား ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။ 
 
ဖြစ်စဉ်မှာ မြိတ်မြို့ ရေပုန်းနယ်မြေ လမင်းရပ်ကွက် ဗန္ဓုလလမ်းနေ ဦးမောင်မောင် (ခ) စိုးသိန်း ၊ အသက် (၃၅)နှစ် ၊ (ဘ) ဦးသန်းရွှေ၏ လက်ကိုင်ဖုန်း အမှတ် ၀၉၄၉၈၇------ ထံသို့ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၉)နာရီကျော် အချိန်ခန့်တွင် ဖုန်းအမှတ် … ၀၉၄၅၀၀၁၉၄၆၃ မှ ဖုန်းဆက်သွယ်ကာ ဦးမောင်မောင် အနေဖြင့် နိုင်ငံတော် သမ္မတက CDMA (450) (၅) သိန်းတန် ဖုန်းများအား မဲဖောက်ပေးခဲ့ရာ ၄င်း၏ ဖုန်းနံပတ်ဖြင့် ကံစမ်းမဲ ပေါက်နေသဖြင်င့ ငွေကျပ် သိန်း (၂၈၀၀) ရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံတော် အခွန်ပေးသွင်းရေး ဆောင်ရွက်နိုင်ရန် အတွက် ငွေကျပ် (၃၆) သိန်းကို ကိုဝဏ္ဏထွန်း ၊ ၁၂/သကတ (နိုင်) 145693 အမည်ဖြင့် ကမ္ဘောဇ ဘဏ်ခွဲ (ဒေါပုံ)သို့  လွှဲပေးရန် ပြောဆိုခဲ့ရာ ကိုမောင်မောင်က ၄င်းတွင် (၃၆) သိန်း မရှိသည့် အတွက် သိန်း(၂၀) လွှဲပို့ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထိုဖြစ်စဉ်ကို မြိတ်မြို့ ရဲသတင်းတပ်ဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့သည်။ 

ထိုသို့ သတင်းရရှိသည်နှင့် မြိတ်မြို့နယ် ရဲသတင်းတပ်ဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ရဲသတင်း တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နှင်းရေး ဌာန နှင့် ကမ္ဘောဇ ဘဏ် မန်နေဂျာ တို့နှင့် ဆက်သွယ်ပြီး ထိုနေ့ (၁၁) ရက်နေ့ နေ့လည် (၁)နာရီ (၁၅) မိနစ်တွင် ကိုမောင်မောင်အား ကိုဝဏ္ဏထွန်း အမည်ဖြင့် ငွေကျပ် (၁၀၀၀၀ိ/) အား သက်သေခံ အထောက်အထားဖြင့် လွှဲပို့စေခဲ့ပြီးနောက် အဆိုပါ ၀ဏ္ဏထွန်းမှ (၁)နာရီ (၄၅) မိနစ် အချိန်တွင် ကမ္ဘောဇဘဏ် (ဒေါပုံ) ဘဏ်ခွဲ၌ ကိုမောင်မောင် လွှဲပို့ငွေအား လာရောက် ထုတ်ယူစဉ် ဘဏ်၌ အသင့်စောင့်ဆိုင်းနေသော ရန်ကုန်တိုင်း ဒုစရိုက် နှိမ်နှင်းရေးဌာန ဒုရဲမှူး အောင်ဝင်းနှင့် အဖွဲ့မှ ဖမ်းဆီ ရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်များအရ ကွင်းဆက် တရားခံ (၃) ဦးအား ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူ လူထုအား ဖုန်းဆက် ဆက်သွယ်ကာ ယုံကြည်အောင် ပြောဆိုပြီး ပြည်သူ လူထုထံမှ ငွေလိမ်လည် ရယူနေသော ၀ဏ္ဏထွန်းနှင့် (၃) ဦးအား အရေးယူပေးပါရန် ကိုမောင်မောင်မှ မြိတ်မြို့ မြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့သဖြင့် မြိတ်မြို့မ ရဲစခန်းမှ (ပ) ၃၃၃/၂၀၁၃၊ ပြစ်မှုပုဒ်မ (၄၂၀) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိပါသည်။ 




0 comments: