Monday, July 8, 2013

မလေးရှား စားအုန်းဆီကုမ္ပဏီ ပြည်တွင်း၌ ရော်ဘာစက်ရုံ ဆောက်မည်

ပြည်တွင်း၌ လူသိများသည့် Saji စားအုန်းဆီ ထုတ်လုပ်သည့် မလေးရှား အခြေစိုက် Felda Global Ventures Holdings (FGV) နှင့် ဖိုးလမင်း ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ သဘာဝ ရော်ဘာ ထုတ်လုပ်ရေးစက်ရုံ တစ်ခုကို လာမည့်နှစ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ဖိုးလမင်း ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ ဦးဇော်ဇော်မိုးက The Voice သို့ ပြောကြားသည်။

အဆိုပါ စက်ရုံကို မြိတ်မြို့ရှိ ဖိုးလမင်း ကုမ္ပဏီ၏ လက်ရှိ လည်ပတ်လျက် ရှိသည့် စက်ရုံကို ထပ်မံ အဆင့်မြှင့်တင် ဆောင်ရွက်ရန် စီစဉ်ထားပြီး အဆိုပါကိစ္စကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို တင်ပြထားကြောင်း ဦးဇော်ဇော်မိုးက ဆိုသည်။

“MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်) က အရင်စက်ရုံကို အဆင့်မြှင့် တင်တာ မဟုတ်ဘဲ အသစ် ဆောက်စေချင်တာ၊ အဲ့ဒီအတွက်ဆွေးနွေးနေ လို့ပါ၊ MIC ခွင့်ပြုချက်ရရင်တော့ မြန်မှာပါ” ဟု ၎င်းက ဆိုသည်။

FGV သည် ဖိုးလမင်း ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလက နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း ထပ်မံသိရသည်။

FGV အဓိက ထုတ်ကုန် သုံးခုဖြစ်သည့် ရော်ဘာ၊ စားအုန်းဆီနှင့် သကြားများ ထုတ်လုပ်နိုင်ရန် ပြုလုပ် သွားမည်ဟု အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်က ဆိုသည်။

ဖိုးလမင်း ကုမ္ပဏီလီမိတက်သည် မြိတ်မြို့တွင် ရော်ဘာ ကုန်ကြမ်းများ ဖြစ်သည့် RSS 1,3,5 များ ထုတ်လုပ်သည့် စက်ရုံ တစ်ခု ဖွင့်လှစ်ထားပြီး သီဟိုဠ် သရက်စေ့များ ပြည်ပသို့ တင်ပို့ ရောင်းချနေသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။

Felda Global Ventures Holdings ကုမ္ပဏီသည် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စိုက်ပျိုးရေး လုပ်ငန်းများကို မြေ ဟက်တာပေါင်း လေးသိန်းကျော်ဖြင့် စီမံ လုပ်ကိုင်လျက်ရှိပြီး နိုင်ငံ ဆယ်နိုင်ငံတွင် လက်အောက်ခံ ကုမ္ပဏီ ၄၄ ခု ဖွင့်လှစ် လုပ်ကိုင်လျက် ရှိသည်။

The Voice Weekly
ရန်ကုန် ဇူလိုင် ၇

0 comments: