Tuesday, August 13, 2013

"ဘုတ်ပြင်းမြို့" က "ကင်ပေတိုင်"လား"ဆေးရုံ" လား? ????



6.8.2013. ညက ဘုတ်ပြင်းနဲ့ 4 မိုင်အကွာ ကားလမ်းနဲ့ 2 မိုင်ဝေးတဲ့ ဥယျာဉ်တခုရဲ့ ခြံစောင့် "မမီးဟန်" ဆိုတဲ့ ပုလောသူမ တဦး မီးမဖွါးနိုင်၍ သွားရောက် ကူညီခဲ့ပါတယ်။ အေးချမ်းမြိုင် ၂. နဲ့သီရိမြိုင်ကြား "ကောင်းမှကောင်း စခန်း" ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ဆီအုန်းတောကို နာရီဝက်ခန့် လမ်းလျှောက်ပြီး ကျွဲဆွဲလမ်း၊ ရွှံ့တော ၊ ခြုံတော ၊ ရေချောင်း များကို ဖြတ်သန်းပြီး ခလုတ်ကို သင်ပျူး ဆူးကို မွေ့ယာ ၊ ကဏန်းချီးပုံး ခေါင်းဓာတ်မီး ကို အားပြု၍ စောင်စုတ် ပုခက်နဲ့ လူ ၄ ယောက်က အလှည့်ကျ ထမ်းခဲ့ရပါတယ်။ စောင်စုတ် ပုခက်ပြတ်ခါနီး တဲတဲကြောင့် မွေးလူနာက အပေါ်ဝါးလုံးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး မှောင်မှောင် မည်းမည်း ည ကို အံတု၍ အားတင်း၍ ဖြတ်သန်းခဲ့ ရပါတယ်။

"အမိဝေး. ....ကယ်ကြပါ အုန်း" လို့ ငယ်သံပါအောင် အော်နေတဲ့ ကလေး ၃ ယောက်ရဲ့ အမေကို ဘာဖြစ်လို့ ဆေးရုံမှာ မမွေးတာလဲ????မေးစရာ မလိုတော့ပါဘူး. .... နိုင်ငံတော်က သင်ပေးထားတဲ့ ပညာရှင် ဆရာဝန်၊ ဆရာမ တွေသာရှိပြီး ဆေးမရှိတဲ့ ဆေးရုံ ၊ပတ်တီး ပလာစတာ ဆေးထိုးအပ် မရှိသော ဆေးရုံ ဆိုတာ တမြို့ လုံးသိနေတာပဲ။ ဒါနဲ့ လူနာကားလမ်း ပေါ်ရောက်။ ကြိုတင်ခေါ် ထားတဲ့ ကားနဲ့ ဘုတ်ပြင်း ဆေးရုံကို ည ၂ နာရီ ကျော်ကျော် မှာ ဆေးရုံသို့ ရောက်ခဲ့ပါတယ်။ ဆရာဝန်က နင်တို့ခုမှ လာရလား နင်တို့မနိုင်မှ တို့လက်ကို လွှဲချတယ် အစက ဘယ်မှာမွေးမယ် လုပ်ထားလဲလို့ လူနာကိုမေးပါတယ် ။

လူနာ။ ။ ပိုက်ဆံမရှိလို့ ခြံထဲမှာဘဲ ဖြစ်သလိုမွေးမယ်လို့ စီစဉ်ထားပါတယ် ဆရာမ။ ကျမ တောင်းပြီး နေရတဲ့ ခြံရှင် အန်တီတွေက ဒီအတိုင်း မွေးလို့မရဘူး နင့်ကို ဆေးရုံရောက်အောင် ပို့မယ်ဆိုပြီး ခေါ်လာလို့ ကျမ ရောက်လာရပါတယ် ဆရာမ။

ဆရာဝန်မကြီး။ ။ဒါဆို ခြံထဲပြန်မွေးလေ ဘာလို့ ဒီမှာလာမွေးတာလဲ....????
မိခင် ကလေး တခါမှ မပြဘူးလား။

လူနာ။ ။တအားဝေးတဲ့နေရာမှာ နေရပါတယ် တနေ့လုပ်မှ တနေ့ စားရပါတယ် သွားလာ စရိတ် မတတ်နိုင်လို့ တခါမှ မပြဖြစ် ပါဘူး။ လို့. ဗိုက်နာနေတဲံ့ ကြားကနေ ပြန်ဖြေပါတယ်။

လက်ထောက်ဆရာဝန် က "တိတ်စမ်း&***+@#@ ဒီနေရာက အော်ရမဲ့နေရာမဟုတ်ဖူ"း" ဆိုပြီး ဆူသံ ကြားတော့ အားနည်းချည့်နဲ့ နေတဲ့ကြားက

လူနာ။ ။ နာလွန်းလို့ အော်မိတာပါ ဆရာရယ် ။ လို့ တောင်းပန်သံကြား ရပါတယ်။

ပြီးနောက် ကျနော်ကြားလိုက် ရတာက. " နင်တို့က မွေးချင်တဲ့ နေရာမှာ မွေးပြီးတော့ မနိုင်တဲ့ အချိန်ကျမှ တို့ဆီ ရောက်လာတယ် ပြီးနောက်ကွယ်မှာ $တင်းချကြ အုန်းမယ် ငါကလည်း $ ဂရုမစိုက်ဘူး "

(နောက်မှ ကျနော် သိလိုက်ရတာက အဲဒါ ဆရာဝန်မကြီး ဆေးရုံအုပ်ရဲ့အသံဖြစ်ပါတယ်)
လူနာ။ ။ ကျမတို့က ဒီမြို့က မဟုတ်ပါဘူး ဆရာမ ။
ဆရာဝန်မကြီး။ ။သြော် သြော် ငါကရော ဒီမြို့ ကလား #$%

ဒီအသံတွေ ကြားရတော့ ကျနော့ ခေါင်းထဲ အတွေးတခု ဝင်လာတယ်....
ဆေးရုံဆိုတာ နာကျင်မှုကို အော်ခွင့်မရှိတဲ့ တိတ်ဆိတ်စွာ နေရမယ့် တရားစခန်းလို နေရာမျိုးလေလား ????
နာကျင် မြည်တမ်း ညည်းညူနေတဲ့. လူနာတွေနဲ့ တန်းညှိပြီးတော့ ငြင်းခုန် ဟိန်းဟောက် power ပြရမယ့်နေရာလား??? ကျနော် ဇဝေဇဝါ ဖြစ်သွားမိပါတယ်။

ခင်များ တို့ရော? ????? ဘယ်လို ထင်ကြလဲ?? လူနာ ကိုယ်စား ကျနော် ပြောလိုက် ချင်တယ် "ပိုက်ဆံ မရှိလို့ ဆေးရုံမှာ လာမမွေးတာ ဟေ့ ပိုက်ဆံရှိလို့ ကတော့ အထူးကု ဆေးခန်းမှာ OG နဲ့မွေးမှာပေါ့ " သူများ ပို့ပေးလို့ ဆေးရုံ ရောက်တော့လဲ အော်လို့ မရဘဲ အဆူခံရ ပါလား။ ဒါဟာ ငွေမရှိ လို့လား??? ဆရာဝန် နှစ်ဦး စလုံးက တဦးက အပျိုကြီး တဦးက အမျိုးသားဆိုတော့ ကလေူး မမွေးဖူးတော့ နာကျင်မှု့ဝေဒနာကို ဘယ်ခံစားတတ်မှာလဲ????
ဘုတ်ပြင်းမြို့ မှာ ယခင်တာဝန်ကျခဲ့တဲ့ ဆရာဝန် အစစ်အမှန်တွေ ရှိခဲ့ ဖူးပါတယ်.....
DR. ဒေါ်ခင်လင်းမွန်
DR. ဒေါ်ကြည်ကြည်မြင့်
DR. နေလင်း(တောထဲထိလိုက်ပြီးဆေးကုသပေးတဲ့ ဆရာဝန်)
DR.ကျော်ဇင်နှင့် ဇနီး DR.ဒေါ်နန်း.....
DR.ရဲမောင်မောင်
DR.ရဲမင်းဦး
DR.ဝင်းမင်းထွန်း
DR.နေဇော်ထွန်း
အဲဒီ ဆရာဝန်တွေ လက်ထက်က ဆရာဝန်ရဲ့ နှစ်သိမ့်အားပေးတဲ့ စားသံတွေကို အရမ်းကို လွမ်းမိပါတယ်ဗျာ. ... အခုတော့ လူနာတွေ အားကိုးရမယ့် ဆေးရုံမဟုတ်ဘဲ ဂျပန်ခေတ်က. ကင်ပေတိုင် ရုံး ရောက်နေရသလို ကိုယ်ချင်းစာချင်း သနားကြင်နာခြင်း ဗြမ္မာစို တရားတွေ ပျောက်ကွယ်နေပြီလား ဆရာ ဆရာမ တို့ရယ် လို့ လူနာ ကိုယ်စား ပြောချင်လိုက်တာ။ မကြာခင်မှာဘဲ ဆရာဝန်၊ သူနာပြု များရဲ့ ပညာ၊ ကျွမ်းကျင်မှုတွေနဲ့. ဆင်းရဲ သူမ ရဲ့ သဘာဝ ကပေးတဲ့. တညင်ရွက်အား မျှစ်အားနဲ ညှစ်အား ကို ပေါင်းလိုက်တော့ "မောင်စောင်ပုခက်လေး" လူပြည်ရောက်ခဲ့ ရပါတယ်။

အသက်နဲ့ထပ်တူကျေးဇူးတင်ပါတယ်လို့ ဆရာဝန်တွေကို ပြောနေရှာတဲ့ လူနာရဲ့ ခပ်နွမ်းနွမ်း အကြည့်တွေကို ကျနော် အတိုင်းသား မြင်နေရပါတယ်။ ၇.၈.၂၀၀၁၃ နံနက် ၁၀. နာရီလောက်မှာတော့ ဆေးအမျိုးစားကို English လိုရေးထားတဲ့ ကတ်ထုပြားလေး လူနာစောင့် မသင်းသင်းခိုင်ကို ပေးလိုက်တယ်။ ပြင်ပ.(......).ဆေးဆိုင်မှာ ဝယ်ပြီး လာပေးပါလို့ Nurse ကလွှတ်လိုက်တော့ ကျနောဆီလာတယ်။ စာထဲမှာ ဆေးအမျိုးစား ပါတယ်။ သူနာပြု၊ ဆရာဝန် လက်မှတ်မပါလို့ ဆေးမှားမှာ စိုးရိမ်ပေမယ် အဆင်ပြေအောင် ဦးမောင်(.....) ဆေးဆိုင်မှာ ညွှန်ကြားချက် အတိုင်းဝယ်ရန် ငွေပေးလိုက်တယ် ၆၂၀၀ ကျပ် ကျပ်တယ်။
ညနေ. ၄ နာရီ လူနာစောင့် ထပ်ရောက်လာတယ် ပတ်တီး ၅ လိပ်အပါအဝင် ဆေးဖိုး တသောင်း ပတ်ဝန်းကျင် ကုန်ကျမယ့် လက်မှတ် မပါ ကတ်ထူဆေး ဘောက်ချာ နှင့် "ညှပ်ဆွဲမွေးခ" ပိုက်ဆံ တသောင်းခွဲကို ၄င်းဆေးနှင့် အတူ ယူလာလို့ ပြောပါတယ် ကျနော်လည့်း မရှင်းလင်းတာကြောင့် ဒီငွေ တသောင်းခွဲက ဘာအတွက် တောင်းတာလဲ ဆိုတာ ဘောင်ချာ ရေးပေးပါလို့. ပြောလိုက် ပါတယ်။ အဲဒီတော့ ထမိန် အပြာဝတ် ပုလဲနားဆွဲနှင့် Nurse က "သိချင်ရင် ကျနော့ကို ကိုယ်တိုင် ဆေးရုံလာခဲ့ပါ လို့ပြောပါတယ်။

လူနာစောင် မသင်းသင်းခိုင်မှ ဘာအတွက် တောင်းတာလဲ ဆရာမ လို့ သေချာအောင် ထပ်မေးပါတယ်။
Nurse က လည်း ညှပ်ဆွဲ မွေးခလို့. ထပ်ပြောပါတယ်။ အဲဒါနဲ့ ကျနော်လည်း ငွေ,တသောင်းခွဲကို ဒီ ဆင်းရဲသူမ က အလုပ်လုပ်ပြီး ပြန်ဆပ် ရမယ် ဆိုတာကို သိပါတယ်။ ယူတဲ့သူက လိပ်ပြာလုံပေမယ့် ညှပ်ဆွဲခပေး ရမယ့် ကျနော် ပင်စင်စားက ပေးရမှာ အင်မတန် ရှက်မိပါတယ်ဗျာ။ ကျနော် ဇနီးသည် သည် လွန်ခဲ့တဲံ့  အနှစ် ၂၀ တုန်းက အငယ်ဆုံးသမီးလေးကို( အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာသာလှ၏ သမီး) ဒေါက်တာ ဒေါ် စန္ဒီလှ မှ ညှပ်ဆွဲပြီး မွေးပေးခဲ့ ပါတယ်။ ပိုက်ဆံတပြားမှ မပေးရပါဘူးဗျာ (ဆရာဝန်မကြီးကို ဦးခေါက် ကန်တော့ ပါတယ်၊ ဆရာဝန် ပီသ ပါပေတယ်) တိုးတက်တဲ့ နည်းပညာတွေ ဆန်းသစ် တီထွင် နေကြတဲ့ ကမ္ဘာ ရွာကြီးမှာ ပုပ်သိုးနေတဲ့ အကျင့် စရိုက် စိတ်နေ သဘောထားများ. ..... "ညှပ်တခါဆွဲ တသောင်းခွဲ ဆိုတော" ကျနော် ကြားဖူးတဲံ့ ပုံ့ပြင်ထဲက. "ပုဂံညှပ်ကြီး" ပုံပြင် အကြောင်း ပြောပြချင် ပါတယ် အမှန်တရား၊ မမှန်မကန် လုပ်သူကို ညှပ်ကြီးထဲ ထည့်ပြီး တရားစီရင် ပါတယ်။
အပြစ် ရှိရင် လည်ပင်းကို ညှပ်သတ်တယ်။ အပြစ်မရှိတဲ့ သူကိုထည့်ရင် အဲဒီညှပ်ကြီးက. မညှပ်ပဲ နေတယ် လို့ ဆိုတယ်။

ဘုတ်ပြင်း ညှပ်ကြီး ကတော့ တခါဆွဲ တသောင်းခွဲ တဲ့ဗျာ ။. ... ဒေါက်တာ လူကြီးမင်းများက လူနာစောင့် မသင်းသင်းခိုင်ကို Nurse က ပြင်ပ ဆေးဝယ်ခိုင်းတာ ညှပ်ဆွဲခ တသောင်းခွဲ တောင်းတာ ဟုတ်သလားလို့ မေးပါတယ်။ လူုနာစောင့် က သူတတ်သလို ကျိန်ဆိုပြီး ပြောပါတယ် " ကျမသည် ဒီစကားကို လိမ်ညာ ပြောဆိုခဲ့ရင် ကျမ၏ အဖေ၊ မောင်၊သား သည် ကျွန်မ၏ ခင်ပွန်းသည် ဖြစ်ပါစေ ၊ ကျမ်းသစ္စာ ကိုင်ပြီးလဲ ပြောရဲပါတယ်" လို့ လူနာစောင် ပြန်ပြောတော့ လက်ထောက် ဆရာဝန်က "နင့်ပါးစပ် ပိတ်ထား ငါပါးပိတ် ရိုက်လိုက်မယ်" ဆိုပြီ ရိုင်းပြစွာ ပြောပါတယ်။ ဆရာဝန် မကြီးက လူကြီးပီပီ ဟန့်တားလိုက် ပါတယ်။ အညတရ. လူနာစောင့်က. ကျမ်းကိုင်ရဲ ပါတယ်လို့ ပြောပြီး nurse အပြာဝတ် (ပုလဲနားဆွဲ)  က သူမ မတောင်းကြောင်း ကျမ်းကိုင် မယ်ဟု မပြော ရဲပါ။ ပုဂံ ညှပ်ကြီး သာရှိရင် ဒီအဖြေဟာ ပေါ်ပါလိမ့်မယ်။
 
အဖြစ်အပျက် အစုံအလင် လူနာစောင့် မသင်းသင်းခိုင်၏ ဖွင့်ဟ ဝန်ချံက်(သူ့ဆန္ဒသဘောအလျှောက်)
Audio fileVideo file ကျနော့ဆီမှာ မှတ်တမ်းတင်ထား ပါတယ်။ ဖြစ်စဉ် တခုတည်းကိုသာ အကြမ်းဖျဉ်း တင်ပြခြင်း ဖြစ်ပါတယ် အခြား ဖြစ်စဉ်များ ကိုလည်း အလျဉ်းသင့်သလို တင်ပြပါ အုန်းမည်။
ဘုတ်ပြင်းသူ ဘုတ်ပြင်းသား များနှင့် တာဝန်ရှိသူ အပေါင်း တို့ရေ
အမျှ.....အမျှ....အမျှ......
ကယ်တော်မူကြပါဗျို့......


တံခါးမှူးဟောင်း ( ငြိမ်း)့
News & In Myanmar


0 comments: