Saturday, August 24, 2013

မြိတ်မြို့၌ ကုန်သွယ်မှုမြင့်တင်ရေး နှင့် လျာထားချက် ပြည်မီကျော်လွန်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ


ကုန်သွယ်မှု မြင့်တင်ရေးနှင့် လျာထားချက် ပြည့်မီကျော်လွန်ရေး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ်လ (၂၃)ရက် နံနက်(၁၀း၃၀)နာရီတွင် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး အစည်း အဝေး ခန်းမတွင် ကျင်းပရာ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ စားသုံးဆီ အသင်းဝင်များ၊ စက်သုံး ဆီအသင်းဝင်များ၊ ရေလုပ်ငန်းရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ ပို့ကုန်သွင်းကုန် ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းရှင်များ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
 



 
ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကဏ္ဍ အလိုက် ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးတို့ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက ကုန်သွယ်မှု မြင့်တင်ရေးအတွက် ပို့ကုန် သွင်းကုန်များ လျာထားချက် ပြည့်မီကျော်လွန်ရေး၊ ကုန်ပစ္စည်းများကို တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍ မြိတ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးလှစိုးက နိုင်ငံခြားသား ဧည့်သည်များ ခရီးသွားလာခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ အကြောင်းကိုလည်းကောင်း၊ မြိတ် ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမြင့်ရွှေက ရေထွက်ပစ္စည်း တင်ပို့မှု အခြေအနေများကို လည်းကောင်း၊ မြိတ်မြို့ နယ် အခွန်ဦးစီးဌာနမှူး ဦးကျော်ဟိုးလှိုင်က ပို့ကုန် သွင်းကုန် ဆိုင်ရာ အခွန်ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြသည်။

ယင်းနောက် တက်ရောက် လာကြသော မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဌ ဦးထွန်းထွန်းဝင်း၊ ကုန်သည် လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင် များက သိလိုသည်များကို မေးမြန်းကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလည်း ဖြေကြားကြသည်။ ဆက်လက်၍ ဆွေးနွေး မေးမြန်းချက်များ အပေါ် ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး က မေးမြန်း ဆွေးနွေးချက်များ အပေါ် ကုန်သွယ်မှု မြှင့်တင်ရေး အတွက် သုံးသပ်တင်ပြပြီး မြိတ်ခရိုင် အုပ်ချုပ် ရေးမှူး က နိဂုံးချုပ် အမှာစကား ပြောကြား၍ ဆွေးနွေးပွဲ ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကဏ္ဍ အလိုက် ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်မှ ဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ရင်ဆိုင်ရမည့် အခက်အခဲများ ကို ဖြေရှင်းဆောင် ရွက်နိုင်ရေးတို့ကို အဓိကထား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
IPRD MYEIK

0 comments: