Monday, August 26, 2013

မြိတ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနား ပြုလုပ် ၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့် အမှာစကား ပြောကြား

မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာ အဖွဲ့ဝင်များ တွေ့ဆုံပွဲနှင့် တူညီဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့ နေ့လည် (၂) နာရီအချိန် မြိတ်မြို့ ချောင်းကူးငယ် ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ လျှပ်စစ်နှင့် စက်မှု ၀န်ကြီး ဦးဝင်းဆွေ၊ လူမှုရေးဝန်ကြီး ဒေါက်တာ ၀င်းအောင်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ပါတီ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူငယ်ရေးရာ အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၅၀) ဦးကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လမ်းညွှန် အမှာစကား ပြောကြားပြီးနောက် မြိတ်မြို့နယ် ပါတီကော်မတီ အတွင်းရေးမှူး ဦးကိုကိုကြီးက လူငယ်ရေးရာ အဖွဲ့များ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် မြိတ်မြို့နယ် ပါတီ နာယက လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းတို့က မြိတ်မြို့နယ် မြိတ်တောင်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ နောက်လယ်ရပ်ကွက်၊ ကန်ဖျားရပ်ကွက်၊ ကန်ခေါင်းရပ်ကွက်၊ ကလွင်ကျေးရွာအုပ်စု တို့မှ အုပ်စု တစ်ခုလျှင် လူငယ်ရေးရာ အဖွဲ့ဝင် (၃၀) ဦးစီဖြင့် စုစုပေါင်း လူငယ်ရေးရာ အဖွဲ့ဝင် (၁၈၀) ဦး အတွက် ဦးထုပ်၊ တီရှပ် ၊ ဘောင်းဘီ ပါဝင်သည့် တူညီဝတ်စုံများ ပေးအပ်ကြရာ ရပ်ကွက် လူငယ်ရေးရာ ခေါင်းဆောင်များက လက်ခံရယူသည်။

ပြီးနောက် လူငယ်ရေးရာ အဖွဲ့ဝင်များကိုယ်စား ကလွင်ကျေးရွာအုပ်စု လူငယ်ရေးရာ အဖွဲ့ဝင် တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။

အခမ်းအနားပြီးတွင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် လူငယ်ရေးရာ အဖွဲ့ဝင်များ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments: