Friday, August 30, 2013

ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး သင်တန်းသို့ မြိတ် (၈၈) မျိုးဆက်အဖွဲ့ဝင် (၃) ဦးနှင့် ကျွန်းစု NLD အဖွဲ့ဝင် (၃) ဦးတက်ရောက်မည်

၂၀၁၃ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်မည့် ကမ္ဘာဘဏ်မှ ထောက်ပံ့သည့် အစီအစဉ်အား လေ့လာ စောင့်ကြည့် အစီရင်ခံရေး နည်းပညာ သင်တန်း တက်ရောက်သို့ မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးပိုအင်၊ ဦးအောင်နိင်ဦး၊ ဦးတင်ကိုကိုဦး တို့ ဦးဆောင်သည့် အဖွဲ့တက်ရောက် သွားမည် ဖြစ်ပြီး၊ ကျွန်းစုမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုအောင်မြတ်ထွန်း၊ မမိုးမိုးနွယ် ၊ မလှိုင်းသစ်ဝေတို့ တက်ရောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင် မြိတ်ခရိုင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ၄င်းတို့ facebook page တွင် ထုတ်ပြန်ထားသည်။

လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်းသည် ကမ္ဘာ့ဘဏ် ၏ အကူအညီ အမေရိကန် ဒေါ်လာ သန်း (၈၀) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော် ကောင်စီ နယ်မြေရှိ မြို့နယ် ၁ ခုစီ ဖြင့် စုစုပေါင်း မြို့နယ် ၁၅ ခု အတွင်းရှိ ကျေးရွာတိုင်းတွင် လူထု အခြေပြု ချဉ်းကပ်မှု ဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။ စီမံကိန်း ပထမနှစ် တွင် ရှမ်းပြည်နယ် နမ့်ဆန်(မြောက်)မြို့နယ်၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် နှင့် တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ် တို့တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ကျန် တိုင်းဒေသကြီး ပြည်နယ် များတွင် လုပ်ငန်း ဆောင်ရွက်မည့် မြို့နယ်ကို ဆက်လက် ရွေးချယ် ဆောင်ရွက်မည် ဖြစ်သည်။ ဤ စီမံကိန်းမှ လုပ်ငန်း ဆောင်ရွက်ရာ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုလျှင် ပျမ်းမျှ တစ်နှစ်လျှင် ကျပ်သိန်း ၂၄၀ ခန့် ဖြစ်သော ထောက်ပံ့ငွေ ဖြင့် ကျေးလက် အခြေခံ အဆောက် အဦများ ဆောက်လုပ်နိုင်မည် ဖြစ်ပြီး သုံးနှစ် ဆက်တိုက် ထောက်ပံ့မည် ဖြစ်သည်။ လုပ်ငန်းများကို ကျေးလက် လူထုက ကိုယ်တိုင် ရွေးချယ်၊ ကိုယ်တိုင် ရေးဆွဲ၊ ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက်၊ ကိုယ်တိုင် စာရင်းပြုစု အစစ်ဆေးခံ၊ ရရှိလာသော အကျိုးကျေးဇူးကို ကိုယ်တိုင် ခံစား စေသော စနစ်ကို အခြေခံ၍ ဆောင်ရွက် သွားမည် ဖြစ်သည်။

ကျွန်းစု မြို့နယ် လူထု အခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း ရုံးကို မြိတ် မြို့ရှိ စည်ပင်သာယာရေး ရိပ်သာ တွင် ရုံးခွဲ ၌ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ဖွင့်လှစ် ခဲ့သည်။ ကျွန်းစု မြို့နယ်ရုံးကို စည်ပင်သာယာရေး အဖွဲ့ရုံးတွင် ပူးပေါင်း ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
 

0 comments: