Monday, August 26, 2013

မြိတ်မြို့၌ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များ၌ သာသနာတော် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ (၂၅)ရက် နေ့လည်(၁)နာရီတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော် သာသနာ့ ဗိမာန်တော်တွင် ကျင်းပရာ နိုင်ငံတော်တော် သံဃမဟာနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြူသော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ် အပေါင်းက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် နိုင်ငံတော်တော် သံဃမဟာ နာယကအဖွဲ့ဝင် တောကျောင်း ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် မဟာဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသ က သြ၀ါဒကထာ မြွက်ကြားသည်။

ဆက်လက်၍ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ခရိုင် သာသနာရေးမှူး ဦးကျော်စွာမြင့်က သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းရေးကိစ္စ နှင့် ပတ်သက်၍ လျှေက်ထားသည်။ ထိုနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ ကန်သာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည က သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရခြင်း အကြောင်း ရှင်းလင်းမြွက်ကြားသည်။

ဆက်လက်၍ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဖွဲ့စည်းရာတွင် တက်ရောက်လာကြ သော ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးတို့က ဆွေးနွေး လျှောက်ထားကြပြီး နာယကအဖွဲ့၊ ဂိုဏ်းပေါင်းစုံ မြို့နယ် သံဃနာယက ကြီးကြပ်ရေးအဖွဲ့၊ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အလုပ်အမှုဆောင် အဖွဲ့တို့ကို ဖွဲ့စည်း အတည်ပြုကြသည်။ ထိုနောက် အစည်း အဝေး ဆုံးဖြတ်ချက်များကို ခရိုင်သာသနာရေးမှူးက ဖတ်ကြားလျှောက်ထားပြီး အခမ်းအနားကို ဗုဒ္ဂ္ဓသာသနာ စိရံဌတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
IPRD MYEIK


0 comments: