Friday, August 16, 2013

မြန်မာ့ ပုလဲ ရတနာ တို့၏ မွေးရပ်မြေ ပုလဲကျွန်း


တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း ခရိုင် ကော့သောင်းမြို့မှ ရေကြောင်းဖြင့် ကီလိုမီတာ ၆ဝခန့် မြောက်ဘက်သို့ သွားသော် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ စိမ်းစိုလှပ သာယာ၍ ကြည်လင် ရှင်းသန့်သည့် ပင်လယ်ဝန်းရံ ထားသော မြန်မာ့ပုလဲ သယံဇာတ မွေးမြူထွက်ရှိရာ (Domel Island) ခေါ် ပုလဲကျွန်းသို့ ရောက်ရှိမည် ဖြစ်သည်။


ထိုပုလဲကျွန်းကို မြိတ်သူ မြိတ်သား များက ''ဘိုးမောင်ဆောင်'' ဟု ယခင်က ခေါ်ဝေါ်ကြသည်။ ဧရိယာ ၁၈ စတုရန်း မိုင်ခန့် ကျယ်ဝန်းပြီး ကျွန်းပေါ်တွင် သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းမှ သဘာဝ မွေးပုလဲ ထုတ်လုပ်ရာ လုပ်ငန်းခွင် ကို တွေ့ရှိ လေ့ လာနိုင်မည် ဖြစ်သည်။

ပုလဲ ရတနာကို ရှေးယခင် အချိန်က (Pinota Maxima) အမျိုးအစား သဘာဝ မုတ်ကောင်များမှ ပင်လယ်အတွင်း ငုပ် ယူ ရှာဖွေကာ ခွဲယူ၍ ထုတ်လုပ် ခဲ့ကြရာ အင်္ဂလိပ် ကိုလိုနီခေတ် ဖြစ်သည့် ၁၈၉ဝ ပြည့်နှစ်မှ လုပ်ငန်းရှင် တချို့ လိုင်စင်ယူ လုပ်ကိုင် ခဲ့ကြသည်။ ၁၉၅၄ ခုနှစ်အထိ မုတ်ကောင် ငုပ်ယူခြင်း လုပ်ငန်းကို စက်ကိရိယာ မသုံးစွဲဘဲ ငုပ်ယူ ရှာဖွေခဲ့ကြ သည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီး နောက် ၁၉၅၄ခုနှစ်တွင် ကော့သောင်း ရောင်းဝယ်ရေး ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ       Mr; K Takashima  ဦးစီးသည့ှ် South Sea Pearl ကုမ္ပဏီတို့ ဖက်စပ် စာချုပ်၍ မုတ်ကောင်ငုပ်ယူခွင့် နှင့် ပုလဲ မွေးမြူ ထုတ်လုပ်ခွင့်ကို  လိုင်စင်ယူ ဆောင်ရွက်ခဲ့ကြသည်။

မုတ်ကောင် မွေးမြူရေး စခန်းကို ၁၉၅၄ ခုနှစ်တွင်  (Domel Island) ၏ တောင်ဘက် လက်စွပ်အော် (Livock Bay) တွင် စတင် ဆောင်ရွက် ခဲ့သော်လည်း ပင်လယ်ကြမ်းပြင်မှာ မွေးမြူရန် မသင့်တော်သဖြင့် ၁၉၅၅ ခုနှစ်တွင် Sir J Malcolm Islandယခု ပုလဲကျွန်း သို့ ပြောင်းရွှေ့မွေးမြူခဲ့သည်။ အောင်မြင်မှု စတင် ရရှိနေရာ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်တွင်း ကွန်မြူနစ် သူပုန်များ တိုက်ခိုက်မှုကြောင့် ပုလဲမွေးမြူရေးစခန်း ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင် ဆောင်ရွက် ခဲ့ကြသဖြင့် ၁၉၅၉ခုနှစ်တွင် မွေးပုလဲများကို စတင်ထုတ်ယူနိုင် ခဲ့ကြသည်။ ၁၉၆၁ခုနှစ်တွင် မွေးပုလဲ လေးကြိမ် ထုတ်ယူခဲ့ရာ တစ်ကြိမ်လျှင် ပုလဲ တန်ဖိုး ဂျပန်ယန်းငွေ ၈၁ဝ၈ဝဝဝဝ ရရှိသည်။ ထိုစဉ်က ငွေလဲနှုန်းဖြင့် မြန်မာ ကျပ်ငွေ  ၁ဝ၈ဝဝဝဝ ရရှိခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒများအရ ၁၉၉၂ခုနှစ် ရောက်သည့်အခါ ပြည်ပ ဂျပန်နိုင်ငံ နီနို ကုမ္ပဏီဖြင့် စတင်စာချုပ်၍ လည်းကောင်း၊ ၁၉၉၄ခုနှစ်တွင် ပြည်တွင်း ကုမ္ပဏီ Ocean Pearl ကုမ္ပဏီနှင့် လည်းကောင်း အကျိုးအမြတ် ခွဲဝေယူသည့် စနစ်ဖြင့် လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

၁၉၉၅ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ မြန်မာ့ပုလဲ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး သဘာဝမုတ်ကောင် ရှားပါးလာမှုကို ကာကွယ်ရန်၊ သားဖောက်မုတ်ကောင် မွေးမြူရေး အောင်မြင်လာရန်၊ နည်းပညာ ကျွမ်းကျင် လာစေရန်၊ နိုင်ငံသားများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့် နိုင်ငံခြား ဝင်ငွေ တိုးပွားလာရေး ရည်ရွယ်ကာ ၁၉၉၇ခုနှစ်တွင် ဂျပန်နိုင်ငံ Tassb Shinja ကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ်တွင် သြစတြေးလျနိုင်ငံ Nirleကုမ္ပဏီနှင့် လည်းကောင်း၊ ၁၉၉၈ခုနှစ် ထိုင်းနိုင်ငံမှ  Aadman Pearl ကုမ္ပဏီ နှင့်လည်းကောင်း မုတ်ကောင် သားဖောက် မွေးမြူရေးကို အခြေခံ၍ ပုလဲမွေးမြူ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည်။ ၎င်းမှ ပြည်တွင်း၊ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ရရှိခဲ့၍ ယခုအခါ မွေးမြူသည့်စနစ်နှင့် ဝတ်ဆံသွင်းသည့် စနစ်တို့ကို အောင်မြင်စွာ ပြောင်းလဲ ဆောင်ရွက်ကာ အရည်အသွေး ကောင်းသည့် မြန်မာ့ ပုလဲများကို ပိုမိုထုတ်လုပ် လာနိုင်ပြီ ဖြစ်ပေသည်။

ပုလဲမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းကို မူလတွင် ဂျပန် ပညာရှင်များ စတင်လုပ်ကိုင်ခဲ့ကြရာ ၁၉၆၆ခုနှစ် ဇွန်လတွင် မြန်မာ ပညာရှင်များ အောင်မြင်စွာ ဝတ်ဆံသွင်း မွေးမြူခြင်းကို လုပ်ဆောင်နိုင် ခဲ့ကြသည်။ မြန်မာ့ပုလဲ လုပ်ငန်း အနေဖြင့် ၂ဝဝဝ ပြည့်နှစ်မှ စတင်ကာ သားဖောက် မုတ်ကောင် များကို မွေးမြူပြီး ၂ဝ၁၂ခုနှစ်မှစတင်ကာ သားဖောက် ထားသည့် မုတ်ကောင် များကို ဝတ်ဆံသွင်း  ပုလဲ မွေးမြူနိုင် ခဲ့ကြကြောင်း သိရသည်။

ယခုအခါ ပုလဲမွေးမြူခြင်း လုပ်ငန်းကို တနင်္သာရီတိုင်း ဒေသကြီးအတွင်း လုပ်ကိုင်လျက်ရှိသည့် ကျွန်းစခန်း များမှာ(၁) ဒိုမယ်လ် (Domel Island)၊ ပုလဲကျွန်း၊ ဘုတ်ပြင်း မြို့နယ်၊ (၂) မလိကျွန်း၊ ပုလောမြို့နယ် (၃) ရွှေကျွန်းကြီး၊ ကော့ သောင်း မြို့နယ်တို့ဖြစ်သည်။ အဆိုပါ စခန်းများအပြင် နိုင်ငံတော် အစိုးရနှင့် အကျိုးတူ ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်သည့် ထိုင်းနိုင်ငံ Aadman Pearl ကုမ္ပဏီမှ ကော့သောင်းခရိုင် အတွင်း ဇာဒက်ကြီးကျွန်း အနောက်ဘက်၊ ပုလို ဂါဂျန်ကျွန်းတွင် ပုလဲမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ အဆိုပါ ဧရိယာအတွင်း မက်ကလောင် ငုပ်ကွက်မှ အလျား ၆ဒသမ ၂ စင်တီမီတာ၊ အနံ ၅ဒသမ ၃စင်တီမီတာ၊ အမြင့် ၃စင်တီမီတာ၊ အလေးချိန် ၄၅ ဒသမ ၁၆ မီမို၊ ကာရက် အားဖြင့် ၈၄၅ ကာရက်၊ ဂရမ်အားဖြင့် ၁၆၉ ဂရမ်၊ ရတီအားဖြင့် ၉၂၉ ဒသမ ၅ဝ ရတီရှိ ကမ္ဘာ့အကြီးဆုံး   သဘာဝ ပုလဲကြီး ထွက်ရှိခဲ့ဖူးသည်။

မြန်မာ့ပုလဲ ပညာရှင်များ ထုတ်လုပ်မွေးမြူ၍ ထွက်ရှိလာသော ပုလဲများသည် အရည်အသွေး ကောင်းမွန်ပြီး ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များလှပေရာ နိုင်ငံတော်က နှစ်စဉ်မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ခင်းကျင်းပြသ ရောင်းချ ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ရတနာ ကုန်သည်များ တန်ဖိုးထားလာရောက် ဝယ်ယူကြသဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေ တစ်ဖက်တစ်လမ်းမှ  ဖြည့်ဆည်း ပေးလျက် ရှိကြောင်း ရေးသား လိုက်ရပါသည်။     ။

မြ၀တီ သတင်းစာ



0 comments: