Monday, August 26, 2013

နိုင်ငံတော် ဘာသာနေ့ အကြို မြိတ်မြို့တွင် သာသနာ့အလံများ လွှမ်းခြုံ

မနက်ဖြန် သြဂုတ်လ (၂၆) ရက်နေ့တွင် ပြုလုပ်မည့် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အကြိုနေ့ အဖြစ် မြိတ်မြို့ တစ်ဝက်ခန့် သာသနာ့အလံတော်များ ဖုံးလွှမ်းအောင် ဗုဒ္ဓဘာသာဝင် အိမ်တိုင်းနီးပါး လွှင်ထူလျက် ရှိသည်။  အထူးသဖြင့် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဖြစ်သည့် မြိတ်တောင် ရပ်ကွက် အောင်ဆန်းလမ်းမကြီး တစ်လျှောက်၊ နှင့် စက်ဝင်း ရပ်ကွက်၊ မြို့သစ် (၁)မှ (၇) ရပ်ကွက်၊ ဇေယျာသီရိ (၁)(၂)(၃)(၄) ရပ်ကွက်၊ တံတားဦး၊ ရေနံမြေ ရပ်ကွက်များတွင် လမ်းအလိုက်လည်းကောင်း၊ နေအိမ်တိုင်းတွင် လည်းကောင်း သာသနာ့ အလံတော်များ လွှင့်ထူလျက်ရှိပြီး အလယ်ကျွန်းနယ်မြေ ပါရမီ (၁) (၂) နှင့် ပေ(၆၀) လမ်းတစ်လျှောက်၊ ဘုရားကိုင်လမ်း၊ မင်္ဂလာလမ်း တစ်လျှောက်ရှိ နေအိမ်များတွင် သာသနာ့ အလံတော်များ လွှင့်ထူထားသည်ကို တွေ့ရှိရသည်။

ထို့အပြင် မြိတ်တောင်ကျေးရွာ အုပ်စုရှိ ရာပြည့်၊ အောင်မင်္ဂလာ၊ ရွှေပြည်တန်၊ အင်းလေးမြိုင် အစရှိသည့် လမ်းများရှိ နေအိမ်တိုင်းတွင် သာသနာ့အလံတော်များ ကြိုဆိုလွှင့်ထူထားသည့်ကို တွေ့ရှိရသည်။

မြို့ထဲဘက် ဖြစ်သည့် နောက်လယ် ၊ တလိုင်းစု ၊ ထားဝယ်စု ၊ ဆိပ်ငယ် ၊ မြစ်ငယ်၊ ကန်ဖျား၊ ကန်ကြီး ၊ ရေပုန် တို့ရှိ နေအိမ် တစ်ချို့ တစ်ဝက်တွင် လွှင်ထူထားမှု အနည်းငယ် တွေ့ရှိရပြီး ကန်ကြီးလမ်းဆုံ ရွှေကျင် ကျောင်းတိုက်လမ်းတွင် လမ်းဘေးဝဲယာ တစ်လျှောက် နိုင်ငံတော် ဘာသာနေ့ကို ကြိုဆိုသော အားဖြင့် သာသနာ့ အလံတော်များ လွှင်ထူလျက် ရှိသည်ကို တွေ့ရသည်။

(၂၆) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အဖြစ် မြိတ်တောင်ရပ်ကွက် မီးသွေးဖောင်းလမ်းတွင် သြဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်း၌ သံဃာတော် (၅၄)ပါးအား နိုင်ငံတော် ဘာသာနေ့ အထိမ်းအမှတ် အဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်သွားမည် ဖြစ်ပြီး မြိတ်တောင် ရပ်ကွက် အတွင်းရှိ ဓမ္မာရုံ အချို့တွင် ဓမ္မစကြာ ၀တ်အသင်း အဖွဲ့များမှ မနက် (၆)နာရီမှ ညနေ (၆) နာရီ အထိ ဓမ္မစကြာ တရားတော်များ ရွတ်ဖတ် ပူဇော် သွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်များ အလိုက် ဆွမ်းကျွေး တရားတော်နာ ပြုလုပ်ခြင်း၊ ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။




0 comments: