Tuesday, August 27, 2013

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ (၂၇)ရက် နံနက်(၅း၄၅)နာရီတွင် မြိတ်မြို့ လေးကျွန်း ဆီမီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဝင် တောကျောင်းပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်အရှင်သူမြတ်များ ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်း က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် တောကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော် မဟာဂန္တ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ တေဇောဘာသ ထံမှ ကိုးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ် တရားတော်များ နာယူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ၀ါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထိုနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာ မဟာဂန္တ၀ါစက ဘဒ္ဒန္တ ၀ိမလ ကန်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းကြသည်။

အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒန်းကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့အား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်း ရရှိသည်။

IPRD MYEIK


0 comments: