Tuesday, August 27, 2013

မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၅)နှင့် အခြေခံ အိမ်တွင်းမှုသင်တန်း(၆၄)ဖွင့်ပွဲ ကျင်းပ

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၃၄)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၆၃)ဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ(၂၆))ရက် နံနက်(၉)နာရီတွင် အဆိုပါ သင်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ တိုင်းရင်းသူ အမျိုးသမီးကလေးအချို့ဟာ တစ်ဖက်နိုင်ငံကို အထင်ကြီးပြီး တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်ကြရာမှာ ဒုက္ခမျိုးစုံ ကြုံတွေ့ရကြောင်း၊ နယ်စပ်ဒေသများမှာ တရား မ၀င်သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးကလေးများကို လမ်းမှား မရောက်အောင် ကြိုတင်တား မြစ်ပြီး အကျင့်စာရိတ္တ မြှင့်မားလာစေရန်နှင့် စားဝတ်နေရေးကဏ္ဍမှာ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် သက်မွေးဝမ်းကြောင်း ပညာရပ်များကို သင်ကြားပေးမယ့် အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်လာကြတဲ့ သင်တန်းသူများ အနေဖြင့် မိမိတို့သင်ကြား တတ်မြောက်တော့မယ့် ပညာရပ်များကို ထပ်မံ တိုးပွားအောင် ဆက်လက် လေ့လာအသုံးချပြီး စီးပွားရေး လုပ်ငန်းရှင်များဖြစ် သည်အထိ ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်း အနား ရုပ်သိမ်းခဲ့သည်။

အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးပြီး သင်တန်းကျောင်း၏ အိမ်တွင်းမှုလက်ရာများကို ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းကို မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်မှ သင်တန်းသူ(၆၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၁၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

မြိတ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်းအနေဖြင့် ယခင် အစိုးရလက်ထက်တွင် သင်တန်း(၈၁) ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၂၁၆၀)ဦးနှင့် ယခုအစိုးရ လက်ထက်တွင် သင်တန်း(၁၉)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသူ(၅၄၈)ဦး စုစုပါင်း(၂၇၀၈)ဦး သင်တန်းဆင်းသွားပြီးဖြစ်သည်။ သင်တန်းဆင်းကျောင်းသူ များထဲမှ (၁၆၀၉)ဦးသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

IPRD MYEIK



0 comments: