Thursday, August 8, 2013

ထားဝယ် ဂေါက်ကွင်း အတွင်း ညဘက် ချိန်းတွေ့သော အတွဲများအား ရုံးခေါ် ပေးစားမယ် ဆိုပြီး ခြိမ်းခြောက် ငွေတောင်းခံနေသော လူ (၂)ဦး ဖမ်းမိကြောင်း သိရ


ထားဝယ် ရဲစခန်းမှ ရဲလှည့်ကင်း ဆောင်ရွက်ရာ ၄-၈-၂၀၁၃ ညပိုင်း ဂေါက်ကွင်း အတွင်း အတွဲများ ထံမှ ရုံးခေါ် ပေးစားမယ် ဆိုပြီး ငွေတောင်းသူ (၂)ဦးအား လှည့်ကင်းရဲများက ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
ဖမ်းဆီးရမိသူ (၂)ဦးမှာ စိုင်းကိုလတ် (ခ) စိုင်း နှင့် ဖိုးကျော် (ခ) ကျော်စွာဦး တို့ဖြစ်ကြောင်းသိရှိရပြီး လွန်ခဲ့သော (၂)လခန့်က အတွဲတစ်တွဲထံမှ ပါလာသည့်ငွေများနှင့် မိန်းကလေး လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးကို ဖြုတ်ယူသွားသူများဖြစ်ကြောင်း သိရှိရသည်။

စိုင်းကိုလတ် (ခ) စိုင်း ဆိုသူမှာ ၂၀၁၀ ခုနှစ် ကလည်း ရွှေဝယ်သီရိ အားကစား ရင်ပြင်အနီး (အများအခေါ်) ချစ်သူ လမ်းကြား ဆိုသည့် လမ်းထဲတွင် ချိန်းတွေ့နေသော အတွဲ တစ်တွဲထံ ငွေတောင်း နေစဉ် လှည့်ကင်း ရဲများနဲ့ တွေ့ပြီး အဖမ်းခံရ သဖြင့် ထောင် ၆ လ ကျခံပြီး လွတ်လာသူ တစ်ဦး ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးရမိတဲ့ တရားခံ (၂)ဦးကို ၇-၈-၂၀၁၃ ရက်နေ့မှာ ထားဝယ် ရဲစခန်း (ပ)၂၄၃/၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူ ထားတယ်လို့ သိရှိရပါတယ်။ လုံခြုံရေး တွက် ညဘက် ပိတ်ဆို့ ယာဉ်တား စစ်ဆေးခြင်း ၊ လှည့်ကင်း ဆောင်ရွက်ခြင်း တို့ကြောင့် ရာဇ၀တ်မှုတွေ မဖြစ်မီက ကြိုတင် ကာကွယ်ပြီး ဖြစ်တာကြောင့် နားလည်မှုရှိရှိနဲ့ ရပ်တန့် အစစ်ဆေးခံသင့်ပေမယ့် ညဘက် အပျော် ကျူးသူ လူငယ်တွေ အတွက်တော့ စိတ်ညစ်စရာ ကောင်းမှာ ဖြစ်တဲ့အကြောင်း အစစ်ဆေးခံ ခဲ့ဘူးတဲ့ လူငယ်တစ်ဦးက ပြောပြခဲ့ ပါတယ်။


0 comments: