Friday, August 23, 2013

ကျောက်နံရံပေါ်က ပန်းချီကားချပ်


မြိတ် ပင်လယ်ပြင်သည် ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်စပ်လျက် အိန္ဒိယ သမုဒ္ဒရာ၏ အစွန်းပိုင်း တစ်ခုဖြစ်သည်။ ကျွန်းကြီး ကျွန်းငယ်များ ပြန့်ကြဲလျက် ငှက်သိုက်ကျွန်း များလည်း ရှားရှားပါးပါး တည်ရှိနေသည်။ ရှေးက ဤပင်လယ်ပြင် တစ်ဝိုက်တွင် လူမျိုးစုံတို့ စားကျက် ခဲ့ကြသည်။ ဤဒေသကို ယခင်က မြန်မာနှင့် ယိုးဒယားတို့  ဘတစ်ပြန် ကျားတစ်ပြန် သိမ်းပိုက် အုပ်ချုပ်ခဲ့ကြသည်။ ပသျှူး၊ ဆလုံ၊ ဟိန္ဒူနှင့် မဟာမေဒင် ဘာသာဝင်များလည်း ကြီးစိုးခဲ့ ကြသည်။ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့မှ ကုန်သည် တို့လည်း ကူးလူးဆက်ခံခဲ့ကြသည်။ ၁၂-ရာစု မတိုင်မီကပင် ထိုဒေသ တစ်ဝိုက်၌ မြန်မာနိုင်ငံ ပုဂံ နေပြည်တော်သား များလည်း ခြေချခဲ့ဖူး ကြသည်။


မြိတ်အနောက်ပိုင်း မြို့နယ် (ယခု ကျွန်းစုမြို့နယ် ) အတွင်းရှိ ကျေးရွာ တစ်ရွာဖြစ်သော ရေကန်အော် ကျေးရွာမှာ မြိတ်မြို့မှ (၃၀)မိုင်ခန့် ကွာဝေးသည့် နေရာတွင် တည်ရှိ နေသည်။ ထိုကျေးရွာ၏ မျက်နှာစာ ကျောက်နံရံပေါ်တွင် ပန်းချီကားကြီး တစ်ချပ် တည်ရှိ နေသည်။ ပင်လယ်ဘက်သို့ မျက်နှာ မူနေသော အဆိုပါ ကျောက်နံရံကြီး၏ မျက်နှာစာသည် မတ်စောက် ညီညာ ပြားချပ်ကာ မိုးကောင်းကင်ထက်သို့ ထိုးထောင် ထွက်နေသည်မှာ ပေ ၁၂၀ ကျော်မည်ဟု ခန့်မှန်း ရပါသည်။ ထိုကျောက်နံရံ ကမ်းစပ်ပိုင်း အောက်ခြေ ၁၀ ပေကျော် အမြင့် တွင် ကျောက်သားကို တစ်ကြောင်းချက် ထွင်းမှ ရေးဆွဲထားသော ရုပ်ပုံကားချပ်ကြီးကို တအံ့ တသြ တွေ့မြင်ရမည် ဖြစ်လေသည်။ ထိုရုပ်ပုံ ကားချပ်ကြီးတွင် လူရုပ်ပုံများ၊ စက်ယန္တရားနှင့် တူသည့်ပုံများ၊ မြွေဦးခေါင်းပုံများ၊ လှေကြီးတစ်စင်း၏ ပုံများကို ထင်ရှားစွာ တွေ့ရှိရသည့် အပြင် အနီရောင်ဖျော့ဖျော့ ဆေးခြယ်ထားသည်ကို လည်းကောင်း၊ ခရမ်းရောင် ပြေးနေသည့် အစင်းကြောင်းကြီးများကို လည်းကောင်း တွေ့ရှိရမည် ဖြစ်လေသည်။

ယင်းလက်ရာမှ မည်သည့်လူမျိုးစု၏ လက်ရာဖြစ်မည်နည်။ မည်သည့် အကြောင်းအရာကို ဖော်ညွှန်း ထားလေ သနည်။ မည်သည့် ခေတ်လောက်က တည်ရှိခဲ့ပါသနည်း။ အဖြေကို ယနေ့တိုင် တိတိပပ မဖော်ထုတ် နိုင်သေးပေ။ ရွာခံ မြန်မာတစ်ချို့ကမူ ဥစ္စာစောင့်တို့၏ “သိုက်”ဟု ယူဆထား ကြဟန် ရှိပါသည်။ အမှန်ဆိုရပါမူ ဤ ပန်းချီကားချပ်ကြီးသည် မြန်တို့၏ အစွဲအလန်း နယ်ပယ်ထဲသို့ ကျရောက် နေပေသည်။

မောင်ပြေချမ်း (မြိတ်)၏ ဓာတ်ပုံက ပြောသော မြိတ်သမိုင်း မှတ်တိုင်များ စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

0 comments: